ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျစေရန် စီမံချက်မြို့နယ် ထပ်မံတိုးချဲ့သွားရန် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံက သိရသည်။
မှုခင်းဖြစ်ပွားမှုနှုန်းများ လျော့ကျစေရန် စီမံချက်မြို့နယ် ၈ မြို့နယ်ခန့် ထပ်မံတိုးချဲ့ရန် ရှိကြောင်း၊ မှုခင်းဖြစ်ပွားမှု များပြားသည့် မြို့နယ်များကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရန် အသိပညာပေးမှု အပိုင်းလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေက “စီမံချက်မြို့နယ်တွေ ထပ်တိုးချဲ့ဖို့ရှိတယ်။ ဝန်ကြီးချုပ်နဲ့ သေချာ ဆွေးနွေးရအုံးမယ်။ အမှုအခင်းဖြစ်ပွားမှု များတဲ့ နေရာတွေကို အများဆုံးလုပ်ဆောင်မှာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ တိုင်းတခုလုံး လွှမ်းခြုံနိုင်အောင် လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
မှုခင်းကျဆင်းရေး စီမံချက် မြို့နယ်များ တိုးချဲ့ခြင်းအပြင် ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက် အသစ်ကိုလည်း ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်တွင်လည်း လောင်းကစားမှု၊ မှုးယစ်ဆေးဝါးပြဿနာများ ကို အဓိက ဦးစားပေး လုပ်ဆောင်မည်ဟု သိရသည်။
ရဲမှူးကြီး မျိုးဆွေက “ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လေ။ မှုခင်းဖြစ်ပွားမှုတွေ များလာတာကတော့ စီးပွားရေး၊ လူမှုရေး၊ အရက်သေစာအပါအဝင် မူးယစ်ဆေးဝါးတွေနဲ့လည်း သက်ဆိုင်နေတယ်။ တရားဥပဒေစိုးမိုးမှု အရင်ထက် ပိုပြီး ရှိလာဖို့ကိုတော့ အထက်က လူကြီးတွေလည်း လုပ်ဆောင်နေတာတွေရှိပါတယ်” ဟု ရှင်းပြသည်။
ရန်ကုန်မြို့တွင် ဇန်နဝါရီလမှ သြဂုတ်လအတွင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင် မိသားစု တစုလုံး သတ်ဖြတ်ခံရသည့် လေးလောင်း ပြိုင် လူသတ်မှု၊ ဗဟန်းမြို့နယ်တွင် အမျိုးသမီးတဦး အသတ်ခံရမှု၊ ကြည့်မြင်တိုင် မြို့နယ်တွင် ဓားပြတိုက်မှု၊ သာကေတမြို့နယ်ရှိ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ဦးခေါင်းဖြတ်၍ အသတ်ခံရမှု၊ သမီးရည်းစား အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှုများစသည့် အမှုအခင်းများစွာ ဖြစ်ပွားခဲ့သည်။