လာအိုနိုင်ငံ၌ အာဆီယံ အဖွဲ့ အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ယနေ့ စက်တင်ဘာလ ရ ရက်နေ့ တွင် တွေ့ဆုံ ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ သည်ဟု ကျိုဒိုသတင်းတပုဒ်အရ သိရသည်။
မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦးဖွံ့ဖြိုးရေး အတွက် ဂျပန်နိုင်ငံက ယန်းငွေ ဘီလီယံ ၁၀၀ (အမေရိကန် ဒေါ်လာ ၉၈၆ သန်း) ထုတ်ချေးမည့် ကိစ္စကို ဂျပန်ဝန်ကြီးချုပ်က တရားဝင် ထုတ်ပြန်ကြေညာမည်ဟုလည်း မျှော်လင့်ရသည်။
ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း များထဲတွင် ရန်ကုန်နှင့် မန္တလေးကို ဆက်သွယ်ပေးထားသည့် မီးရထားလမ်း ပြင်ဆင်ခြင်းလည်း အပါအဝင်ဖြစ်သည်ဟု ဂျပန် အစိုးရ သတင်းရင်းမြစ်က ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
သမိုင်းဝင် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ကာလရှည်ကြာစွာ အတိုက်အခံ အဖြစ်ရပ်တည်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အာဏာရရှိလာသည့် အချိန်မှစ၍ အာဆီယံ၏ အပြင်ဘက်သို့ ပထမဆုံး အကြိမ်အဖြစ် သွားရောက်ရန် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ဆွေးနွေးမှု ပေါ် ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ အတွင်းက သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတ Xi Jinping၊ ၀န်ကြီး ချုပ် Li Keqiang တို့ နှင့်တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ၏ အခြေခံအဆောက်အဦး ကဏ္ဍတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက အဓိက အကြောင်းအရာတခု ဖြစ်သည်။
ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးများတွင် အလျှင်အမြန်တိုးတက်လာနေသော မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာကို တန်ပြန်နိုင်ရန် ဂျပန်နိုင်ငံက ရည်ရွယ်ထားသည်။
ဂျပန် ၀န်ကြီးချုပ်နှင့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ အစရှိသည့် မဲခေါင်ဒေသ နိုင်ငံများမှ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတခုကို စက်တင်ဘာလ ရ ရက်နေ့တွင် ကျင်းပရန် ရှိပြီး ဒေသတွင်းမှ အခြေခံ အဆောက်အဦးနှင့် အခြားလိုအပ်ချက်များ အတွက် ၃ နှစ်အတွင်း ဂျပန်နိုင်ငံက ယန်းငွေ ရ၅၀ ဘီလီယံ ထောက်ပံ့ကူညီရန် ယမန်နှစ်က ကတိပြုထားခဲ့သည့် ကိစ္စကို ဆွေးနွေးကြမည်ဟု မျှော်လင့်ရပါသည်။