မြန်မာနိုင်ငံသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် တက်လာသည့် ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ အဆင်းရဲ ဆုံး တိုင်းပြည်အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ကြောင်း သိရသည်။
အာဏာရှင် ဦးနေဝင်း ခေါင်းဆောင်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ(မဆလ) အစိုးရ လက်ထက် ၁၉၈၇ ခုနှစ် က စတင်၍ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ(Least Developed Country-LDC) အဖြစ်သို့ ရောက်ရှိ ခဲ့ရခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် သတ်မှတ်စံနှုန်းအရ တနှစ်လျှင် တဦးချင်း ဝင်ငွေ ၁၂၄၂ ဒေါ်လာ ကျော်သော နိုင်ငံများကို LDC နိုင်ငံ အဖြစ်မှ လွတ်မြောက်ခွင့် ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ခဲ့သော်လည်း ၂၀၁၄ – ၂၀၁၅ ခုနှစ် မြန်မာ နိုင်ငံ ၏ တဦးချင်း ဝင်ငွေသည် ၁၀၆၃ ဒေါ်လာသာ ရှိသဖြင့် LDC နိုင်ငံအဖြစ်မှ မလွတ်မြောက်နိုင်ခြင်း ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောသည်။
အစိုးရသစ်အနေဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်ရေး (LDC Graduation) ကို ဆောင်ရွက်ရန် အတွက် ဒု သမ္မတ ဦးဆောင်သည့် “ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည် ဖော်ရေး ကော်မတီ”ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ် တွင် မိမိကိုယ်တိုင်၏ လျှောက်ထားချက်အရ LDC နိုင်ငံတခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ၍ မည်သည့် အချက် အလက် များနှင့် ပြည့်စုံလျှင် LDC အဖြစ် သတ်မှတ်ခြင်းကို ခံယူခွင့်ရှိကြောင်း သိလိုသည်ဟု လွှတ်တော်တွင် မေးမြန်း ခဲ့သည်။
“ဒီလို သတ်မှတ်ခံရတဲ့အတွက် ဘယ်လို အခွင့်အရေးတွေ ရရှိပါသလဲ။ မြန်မာနိုင်ငံ LDC ဘဝက လွတ်မြောက်ရေး အတွက် နိုင်ငံတော် အစိုးရက ဘယ်လို စီစဉ် ဆောင်ရွက် သွားမလဲဆိုတာ သိရှိလိုပါတယ်”ဟု ဦးမြင့်လွင်က ပြော သည်။
အစိုးရဘက်ကမူ မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်မှ စတင်၍ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ (Least Developed Country-LDC) အဖြစ်သို့ ရောက်ရှိခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့ခံခဲ့ရမှုများကြောင့် LDC နိုင်ငံတခု၏ အခွင့်အရေးများ မရရှိခဲ့ ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ကုလသမဂ္ဂ မူဝါဒ ဖွံ့ဖြိုးမှု ကော်မတီမှ LDC နိုင်ငံတခုမှ လွတ်မြောက်ရန် သတ်မှတ်ချက် ၃ ခုမှာ လူတဦးချင်း၏ ဝင်ငွေ၊ လူသား အရင်းအမြစ် ညွှန်းကိန်း၊ စီးပွားရေး ထိခိုက်လွယ်မှု ညွှန်းကိန်းများ ဖြစ်ကြောင်း သိရသည်။
တဦးချင်း ဝင်ငွေသည် တဆက်တစပ်တည်း ၃ နှစ်တာ ကာလအတွင်း တဦးချင်း ဝင်ငွေကို တိုင်းတာခြင်း၊ လူသား အရင်းအမြစ် ညွှန်းကိန်း(Human Access Index – HAI) တွင် အာဟာရ ဓာတ် ရရှိမှု၊ ၅ နှစ်အောက် ကလေး သေနှုန်း၊ အလယ်တန်း ကျောင်းဝင်မှုနှုန်း၊ သက်ကြီး စာတတ်မြောက်မှုနှုန်းတို့ ပါဝင်ကြောင်း၊ HAI သတ်မှတ်နှုန်းမှာ ၆၆ မှတ် ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။
“HAI က မြန်မာနိုင်ငံရဲ့ ၂၀၁၄ – ၂၀၁၅ ခုနှစ် တိုင်းတာချက်အရ ၇၂.၇ မှတ်ဖြစ်လို့ သတ်မှတ်စံနှုန်း ၆၆ ထက် ကျော် လွန်ပါတယ်။ ဒါပေမယ့် HAI နဲ့ ပတ်သက်တဲ့ တချို့ ကိန်းဂဏန်းတွေမှာတော့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်”ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောဆိုသည်။
LDC နိုင်ငံဖြစ်ပါက ရရှိနိုင်သည့် အကျိုးကျေးဇူးများရှိပြီး နိုင်ငံတကာမှ အကြွေးများ လျှော်ပေးခြင်း၊ ကုန်သွယ်မှု ဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်ခြင်း၊ တရားဝင် ဖွံဖြိုးမှု အကူအညီများ ရရှိနိုင်ခြင်း၊ နိုင်ငံခြား အကူအညီ အထောက် အပံံ့ များ ရရှိနိုင်ခြင်း၊ ကုလသမဂ္ဂ ထည့်ဝင်ကြေး လျှော့ပေါ့ ပေးရခြင်း၊ ပညာတော်သင်ဆုများ၊ နည်းပညာ အကူ အညီများ နှင့် အခြား အကူအညီများ ဖြစ်သည့် ဘဏ္ဍရေးဆိုင်ရာ ဖွံဖြိုးမှု အထောက်အပံ့များကို ရရှိနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
၁၉၇၁ ခုနှှစ်တွင် LDC နိုင်ငံ ၂၀ ရှိခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် LDC ဖြစ်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ၄၉ နိုင်ငံ ရှိခဲ့ကြောင်း၊ ၂၀၁၀ တွင် မော်လဒိုက်၊ ၂၀၁၄ ခုနှစ်တွင် ဆာမိုအာ နိုင်ငံတို့သည် LDC မှ လွတ်မြောက်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် တောင်ဆူဒန်နိုင်ငံသည် LDC ဖြစ်လာသဖြင့် လက်ရှိတွင် LDC ၄၈ နိုင်ငံ ရှိကြောင်း၊ အာဖရိက ၌ ၃၄ နိုင်ငံ၊ အာရှနှင့် ပစိဖိတ်ဒေသမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ အပါအဝင် ၁၃ နိုင်ငံနှင့် လက်တင် အမေရိကနှင့် ကာရစ်ဘီယံ ဒေသမှ နိုင်ငံ ၁ နိုင်ငံတို့ ပါဝင်သည်။
LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရန်အတွက် သတ်မှတ်ထားသည့် အချက် ၃ ချက်ရှိသည့် အနက် ၂ ချက်တွင် လွတ် မြောက် ရန် သတ်မှတ်ထားသည့် အညွန်းကိန်းထက် ကျော်လွန်လျင် ဖြစ်စေ၊ လူတဦးချင်း ဝင်ငွေသည် စံ သတ်မှတ် ချက်၏ ၂ဆ ထက်ကျော်လွန်လျှင် ဖြစ်စေ လွတ်မြောက် နိုင်ကြောင်း၊ သို့သော် ယင်းအနေအထားသည် ၃နှစ် ဆက် တိုက် ဖြစ်ရန် လိုအပ်ပြီး နောက်ထပ် ၃နှစ် စောင့်ကြည့် ခြင်းကို ခံရမည် ဖြစ်ကြောင်း၊ စောင့်ကြည့်ကာလ ၃နှစ် ပြည့် မြောက်ပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏အတည်ပြုချက်ဖြင့် LDC မှ လွတ်မြောက်နိုင်ကြောင်း သိရ သည်။