ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ရွှေကျွန်းသာဒေသ ကြာကန်-ကွင်းပေါက် သစ်တောကြိုးဝိုင်း အကွက်အမှတ် ၆ တွင် ဖြစ်ပွားခဲ့သည့် လူ ၁ ဦး သေဆုံးခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုနှင့် ပတ်သက်၍ သံသယ ရှိသူ ၁၂ ဦးကို ဖမ်းဆီး ထား ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
“လပွတ္တာ ရွှေကျွန်းသာကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းထားသူ စုစုပေါင်း ၁၂ ဦး ရှိတယ်။ ၂ ဦးကတော့ လွတ်နေဆဲဖြစ်လို့ ဖမ်းဆီးရမိနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မြင့်အောင်က ဧရာဝတီကို ပြောသည်။
ရွှေကျွန်းသာ ဒေသတွင် လယ်သိမ်းခံ မူလလယ်သမားများနှင့် လက်ရှိ လယ်သမားများကြား ပိုင်ဆိုင်မှု အငြင်းပွား နေ သည့် ဒေသတခုဖြစ်ပြီး ကျွဲကျောင်းသည့်ကိစ္စကို အကြောင်းပြု၍ စက်တင်ဘာလ ၃ ရက် က မူလလယ်သမားနှင့် လက်ရှိ လယ်သမားများကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ လက်ရှိလယ်သမားများ ဘက်မှ ဦးထွန်းရင်၊ ဦးထွန်းဇော်နှင့် ဦးဝင်းရွှေတို့က တရားလို ပြုလုပ်ပြီး အမှုဖွင့်လှစ်ခဲ့ရာ လပွတ္တာမြို့နယ် ပြင်စလူရဲစခန်းက မူလလယ်သမားများဖြစ်သည့် ဦးဝင်းမြင့် အပါအဝင် လူ ၉ ဦးကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဦးဝင်းမြင့်ပါ လူ ၄ ဦးကို အခင်းဖြစ်ပွားသည့် စက်တင်ဘာလ ၃ ရက်တွင် လည်းကောင်း၊ ဦးမောင်ကြိုင်နှင့် ဦးမြင့်နိုင်တို့ကို စက်တင်ဘာလ ၄ ရက်တွင် လည်းကောင်း၊ မှတ်ကြီး (ခ) လှထွေးနှင့် မျက်လုံးကြီး (ခ) ညီထွေးတို့ကို စက်တင်ဘာလ ၆ ရက်တွင် လည်းကောင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရွှေကျွန်းသာ ဒေသခံ ကိုဝင်းနိုင်က“ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေလုပ်တာမှာ မဆိုင်တဲ့လူတွေပါ ထည့်ဖမ်းနေတယ်။ မူလ လယ်သမားဘက်က ဦးမျက်လုံးကြီး ဆိုတဲ့လူက မျက်စိတောင် ကောင်းကောင်းမြင်တာ မဟုတ်ဘူး။ အခင်းဖြစ်တဲ့နေ့ ကလည်း မပါဘူး။ အဲဒါကို ထည့်ဖမ်းထားတယ်” ဟု ပြောသည်။
အလားတူ မူလလယ်သမားဦးတင်ညွန့် တိုင်ကြားချက်အရ လယ်ရှိလယ်သမားများဘက်မှ ဦးလှိုင်စိုး အပါအဝင် ၆ ဦး ကို ပြင်စလူရဲစခန်းက အပြင်းအထန် နာကျင်စေမှုဖြင့် အမှုဖွင့်ခဲ့ပြီး စက်တင်ဘာလ ၄ ရက်တွင် ဦးလှိုင်စိုးပါ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းနှင့် ဟန်မင်းထွန်းနှင့် စိုးသူလှိုင်တို့ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရ သည်။
ရွှေကျွန်းသာ ဒေသတွင် ၁၉၇၀ ခုနှစ်များက စတင်ပြီး ဒေသခံများက တောများ ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေ အဖြစ် လုပ်ကိုင်ခဲ့ကြသည်။
၁၉၉၂ ခုနှစ်တွင် ဒီရေတော စီမံကိန်းအဖြစ် ရွှေကျွန်းသာဒေသရှိ လယ်ယာမြေအဖြစ် လုပ်ကိုင်စိုက်ပျိုးနေသည့် မြေဧက ၈၀၀၀ ကျော်ကို သစ်တောဌာနက သိမ်းယူခဲ့ကြောင်း ဒေသခံများက ပြောသည်။
သစ်တောဌာနက မြေများသိမ်းယူခဲ့သော်လည်း ဒီရေတောစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ဘဲ
လယ်သမားတချို့ကို သီးစားခရယူ၍ လယ်စိုက်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ရွှေကျွန်းသာဒေသရှိ လယ်ယာမြေများကို အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သစ်တောဌာနနှင့် နီးစပ်သည့် လယ်သမားများက လုပ်ကိုင်ခဲ့ကြကြောင်း ဒေသခံ များက ပြောသည်။
မြေသိမ်းခံခဲ့ရသည့် မူလလယ်သမားများက ၎င်းတို့အား ရွှေကျွန်းသာတွင် လယ်လုပ်ခွင့်ပေးရန် ၂၀၁၃ ခုနှစ်က စတင် တောင်းခံခဲ့ရာမှ မူလလယ်သမားများနှင့် လက်ရှိ လယ်သမားများကြား အငြင်းပွားမှု စတင်ခဲ့ခြင်း ဖြစ်သည်။
အငြင်းပွားမှု ဖြစ်နေသည့်အတွက် ရွှေကျွန်းသာဒေသတွင် မည်သူမျှ လယ်လုပ်စိုက်ပျိုးခြင်း မပြုရန်၊ စိုက်ပျိုးသူမျာကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် တိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့က လပွတ္တာ ခရိုင် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သစ်တောဌာနတို့ကို ပြီးခဲ့သည့် ဇွန်လက တာဝန်ပေးအပ် ခဲ့ သည်။
လယ်သမားအရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦးက “အခုလို ဖြစ်ရတာ လပွတ္တာခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးဌာန၊ သစ်တော ဌာနနဲ့ ရဲတပ်ဖွဲ့တို့မှာ အဓိက တာဝန်ရှိတယ်။ ပဋိပက္ခတွေ ဖြစ်မှာစိုးလို့ အစောကြီးကတည်းက ဧရာဝတီ တိုင်း အစိုးရအဖွဲ့က ရွှေကျွန်းသာမှာ ဘယ်သူမှ လယ်မလုပ်စေနဲ့ လုပ်တဲ့လူ အရေးယူပါဆိုပြီး တာဝန်ပေးထားတယ်။ အဲဒါကို လပွတ္တာ ဌာနဆိုင်ရာတွေက ဂရုမစိုက်လို့ အခုလို ဖြစ်ရတာ”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရက ရွှေကျွန်းသာဒေသရှိ သစ်တောမြေများ ပယ်ဖျက်ခွင့်ကို ပြည်ထောင်စု အစိုးရထံ တောင်းခံထားပြီး သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီးသည်နှင့် နှစ်ဖက်လယ်သမားများကို ညီမျှစွာခွဲဝေပေး၍ ဖြေရှင်း ပေးသွားမည်ဟု တိုင်းစည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောဆိုထားသည်။