မြန်မာနိုင်ငံ ၏ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက် နေထိုင်ခဲ့သည့် ဟော်နန်း ပြတိုက်ကို အဆင့်မြှင့်ပြီး ကမ္ဘာလှည့် ခရီးသည်များ လည်ပတ်ရာ နေရာတခုအဖြစ် ဖန်တီး၍ ဘဏ္ဍာငွေ ရှာဖွေသွားရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
ယမန်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းကျော်မိုး ၏ ညောင်ရွှေဟော်နှင့် ပတ်သက်၍ မေးမြန်းချက်ကို ဝန်ကြီး ဦးအုန်းမောင်က ထိုသို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီး ဦးအုန်းမောင်က ညောင်ရွှေဟော်မှာ Conceptual Stage (လက်ရှိ မျက်မြင် အနေအထား အတိုင်း) အဆင့်သာ ရှိသေးပြီး ပြတိုက် အဖြစ်သို့ ဖော်ထုတ်ပြီးလျှင် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်ခွင့်ကို ညနေ ၆ နာရီမှ ည ၁၁ နာရီ အချိန် အထိ လေ့လာခွင့်ပြုခြင်း၊ ရက်သတ္တတပတ်လျှင် ၂ ည ဟော်နန်း ပရဝုဏ်ရှိ သစ်ပင်ကြီးများအောက် သတ်မှတ် ပေးသည့် နေရာ၌ လက်တွန်းလှည်းဖြင့် ရောင်းချသော အဆာပြေ စားသောက်ဖွယ်ရာများကို စီစဉ်ပေးမည်ဟုလည်း ဆို သည်။
“Heritage Tourism (ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ခရီးသွား လုပ်ငန်း) ဖွံ့ဖြိုးမှုက တဆင့် ဒေသခံတွေရဲ့ ဝင်ငွေနဲ့ အလုပ်အကိုုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင် ပါမယ်။ ဒါပေမယ့် ဒီလိုဖော်ထုတ်ဖို့ ကတော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အတွေ့အကြုံ ရှိသူများ ရဲ့ အကြံပြုချက်တွေ၊ ဒေသခံတွေရဲ့ အားပေးကူညီမှုတွေ လိုအပ် ပါတယ်”ဟုလည်း သူက ပြောသည်။
ထို့အပြင် ညောင်ရွှေဟော် သမိုင်းကြောင်းကို သိစေရန် ရှင်းပြခြင်း၊ တပတ်လျှင်၂ည ဟော်နန်း ပတ်လည်ကို လျှပ်စစ် မီးမောင်းများ ဖြင့်ထွန်း ညှိပြသခြင်း၊ ရရှိသောဝင်ကြေးများမှ ကုန်ကျစရိတ် နုတ်ဖယ်ပြီး ပိုငွေကို ညောင်ရွှေဟော်နန်း ရေရှည်တည်တံ့ ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းရန်ပုံငွေ အဖြစ် ကော်မတီတရပ် ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးအုန်းမောင်က ဆက်လက်ရှင်းပြသည်။
လက်ရှိ၌ ရေရှည် တည်တံ ခိုင်မြဲရေးအတွက် ဟော်အတွင်းရှိ အန္တရာယ် ဖြစ်စေနိုင်သော ခြတောင်ပို့များကို ပြင်သစ် ပညာ ရှင် တဦး၏ အကြံပြုချက် အတိုင်း ရှင်းလင်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင်လကလည်း ညောင်ရွှေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး ဦးဆောင်၍ ဒေသခံ၊ ဌာနဆိုင်ရာများနှင့် အတူ ဟော်နန်း ပရဝုဏ် အတွင်း ရှိခြုံနွယ်များကို ၃ ကြိမ် တိုင် လုပ်အားပေး ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့ နန္ဒဝန်ရပ် မြောက်ပိုင်းရှိ အဆိုပါ ဟော်နန်းကို ၁၉၇၂ ခုနှစ်တွင် စနစ်သစ် အုပ်ချုပ်ရေး အစီအစဉ်အရ ယဉ်ကျေးမှု ဗိမာန် ဦးစီးဌာန လက်အောက်သို့ လွှဲပြောင်းခဲ့ပြီး စော်ဘွားကြီးများ ပြတိုက်ဟု ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ၂၀၀၃ ခုနှစ်၌ စော်ဘွားကြီးများ ပြတိုက်ကို ညောင်ရွှေ ယဉ်ကျေးမှုပြတိုက် ဟု အမည်ပြောင်းခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ယူနက်စကိုမှ ပြတိုက်အတွင်း ပြသထားသော ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရန် အတွက် စီမံကိန်း ရန်ပုံငွေချမှတ် ပေးခဲ့သော်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနက လက်မခံခဲ့၍ ပြုပြင်မှုမလုပ်နိုင်ခဲ့ပါ။
၂၀၁၄ ခုနှစ် ဇူလိုင်လ၌ ညောင်ရွှေ ယဉ်ကျေးမှု ပြတိုက်ကို ရှမ်းပြည်နယ် အစိုးရ၏ အုပ်ချုပ်မှု အောက်သို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။