သတင်း

ဦးနိုင်ငံလင်းကို ဓားဖြင့်ခုတ်ခဲ့သူများ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း လက်ရှိ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD)အဖွဲ့ဝင်၂ ဦးတို့ကို ဓားဖြင့်ခုတ်သော အမျိုးသား ၃ ဦးတို့အား စက်တင်ဘာလ ၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များအသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

ဦးနိုင်ငံလင်းသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အောက်တိုဘာလ ၂၉ရက်နေ့ ညနေပိုင်းအချိန်တွင် ၎င်းဝင်ရောက်အရွေးချယ်ခံနေသော ရန်ကုန်တိုင်း သာကေတမြို့နယ်၌ မဲဆွယ်စည်းရုံးနေစဉ် လူအုပ်စု တစုက ၎င်းအား ဓားဖြင့်ခုတ်ခဲ့ရာ ဦးခေါင်းနှင့် လက်တို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ဦးနိုင်ငံလင်းနှင့် တခြားထိခိုက်ဒဏ်ရာရခဲ့သော ပါတီဝင် ၂ဦးအား ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ ထိုအချိန်က ဦးနိုင်ငံလင်းသည် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ကိုယ်စားပြု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်အမတ်တဦးဖြစ်ပြီး ရွေးကောက်ပွဲတွင် သာကေတမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်နေရာအတွက် ထပ်မံဝင်ရောက်ရွေးချယ်ခံနေခြင်းဖြစ်သည်။

တိုက်ခိုက်မှုခံရပြီး ၁၀ လနီးပါးကြာသောအခါ သာကေတမြို့နယ် တရားရုံးက ဓားဖြင့်ခုတ်သူ ၃ဦးအား အင်္ဂါနေ့ညနေက အမိန့်ချမှတ်ခဲ့သည်။ အဆိုပါတရားခံ ၃ ဦးတို့ကို ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှုအတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၉၊ ၃၂၃၊ ၃၂၆ နှင့် အများပြည်သူဆိုင်ရာနေရာတွင် ညစ်ညမ်းသော ဆဲဆိုမှု ပုဒ်မ ၂၉၄(ခ)တို့ဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှု၏ ရှေ့နေ့ ဦးကျော်လှက တရားခံ အောင်ဇော်လတ်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆ နှစ်နှင့် ၉ လ အမိန့်ချမှတ်ခဲ့ပြီး အခြားပူးပေါင်းတရားခံ ၂ ဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်နှင့် ၆ လ အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဒီအမှုနဲ့ ရာဇဝတ်မှုတွေ များလာတာက နိုင်ငံတွင်းမှာ တရားဥပဒေ စိုးမိုးရေး အားနည်းနေတယ်ဆိုတာကို သက်သေပြပါတယ်။ ရဲတပ်ဖွဲ့တွေကတော့ ဒီလိုဖြစ်ရတာက ဝန်ထမ်းအင်အား မလုံလောက်ဘူးလို့ ပြောပါလိမ့်မယ်။”ဟု ဦးကျော်လှက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading