ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပုံ ကျေးရွာ တွင် ရွာသားများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ဒုရဲအုပ် စိုးဇော်ဇော်ကို ခုံရုံးဖွဲ့ စစ်ဆေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရာအိမ်မှူး ရွေးချယ်သည့် စက်တင်ဘာ ၆ရက်နေ့တွင် ရွာသားများကို သေနတ်ဖြင့် ခြိမ်းခြောက်သည့် တပ်ရင်း(၁၆) ဆန်ခါစခန်း တာဝန်ခံ ဒုရဲအုပ် စိုးဇော်ဇော်က ရာအိမ်မှူး ရွေးခံမည့် သူ၊ ရွားသားများကို စကားများရာ သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဒုရဲအုပ် စိုးဇော်ဇော် က ရပ်မိရပ်ဖ များကို တောင်းပန်ပြီး ဒေသခံများက ကျေအေး ခဲ့သော်လည်း ဒုရဲအုပ်၏ လုပ်ဆောင်ချက်သည် အလွန်ဆိုးဝါးနေသဖြင့် ဥပဒေ အရ အရေးယူပေးရန် ဖားကန့် မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး က သက်ဆိုင်ရာသို့ တောင်းဆိုထားသည်။
“ ဗွီဒီယို ဖိုင်ကို ကျနော်ကြည့်လိုက်တော့ တော်တော်ဆိုးဝါးတဲ့အနေအထားဖြစ်နေတယ်။ အဲ့ဒါနဲ့ ချက်ချင်း အရေး ယူဖို့ ပြည်နယ် ဝန်ကြီး ကို အကြောင်းကြားပါတယ်။ ဒါနဲ့ မနေ့က ညနေပိုင်း မှာပဲ ဒုရဲအုပ် စိုးဇော်ဇော်ကို ရဲတပ်ရင်း ၁၆ ကနေပြီး ခုံရုံး စစ်ဆေး အရေးယူဖို့ လုပ်နေပါတယ်။ မနေ့ညကနေပြီး စပြီး ၁၃ရက်နေ့ထိ ဖားကန့် ရဲစခန်း မှာ ချုပ်နှောင်ထားမှာပါ” ဟု ဖားကန့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဧရာဝတီသို့ပြောသည်။
ထိုရာအိမ်မှူး ရွေးချယ်သည့် ပွဲတွင် မဆိုင်ဘဲ လာရောက်သည့် အထွေထွေအုပ်ချုုပ်ရေးမှူးကိုလည်း ထွေအုပ် ဆိုင်ရာ ကျင့်ထုံးနှင့်အညီ အရေးယူရန် နှင့် ဒုရဲအုပ် ကို လည်း ရဲကျင့်ထုံး အနေဖြင့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေ အရ အရေးယူမည် ဟုလည်း ဦးတင့်စိုး က ပြောသည်။
“လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူတွေကို ကာကွယ်ဖို့ လက်နက်ကိုင်နေကြတာပါ။ ပြည်သူ့ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး။ သူတို့နဲ့ မဆိုင်တဲ့ အုပ်ချုပ်ရေး ဆိုင်ရာမှာ အာဏာကို အသုံးပြုပြီး အာဏာ လွှမ်းမိုးမှုတွေ ဆင်ခြေပေးဖို့ လိုပါတယ်” ဟု ဦးတင့်စိုး က ထပ်မံဆိုသည်။
ရဲတပ်ရင်း (၁၆) သည့် ဖားကန့်ဒေသ အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအတွက် အဓိက လုံခြုံရေး တာဝန်ယူရသည့် တပ်ရင်း ဖြစ်ကြောင်းသိရသည်။
ထိုနည်းတူ စက်တင်ဘာ ၆ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယန် ဘုရားကျောင်း၌ ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်ပြီး ဒေသခံများ အစည်းအဝေးပြုလုပ်နေချိန်တွင် အမည်မသိလက်နက်ကိုင် ၂၃ ဦး က ဝင်ရောက်လာပြီး ဘုရားကျောင်း ဝန်းရံခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖားကန့် မြို့ ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးဒါ ရှီ လဆိုင်း က “ ဒီလို ရဲအရာရှိ တဦးက အုပ်ချုပ်ရေး ရွေးချယ်မှု ပိုင်းမှာ သေနတ်နဲ့ ခြိမ်းခြောက်တာ တော့ အရင်က မကြားဖူးဘူး။ ရေမဆေးတွေမှာ သွားရှာတဲ့ သူတွေကို သေနတ်မိုးပေါ် ထောင်ပစ် တာတော့ရှိပါတယ်။ ” ဟု ဧရာဝတီသို့ပြောသည်။