သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်ပါက မြစ်အောက်ပိုင်း၌ နေထိုင်သည့် မွန်နှင့်ကရင် လူထုများအတွက် အသက်မွေးဝမ်းကြောင်း ထိခိုက်နိုင်ကြောင်း တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MYPO) က သတင်းထုတ်ပြန်သည်။
တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MYPO) က ထုတ်ဝေသည့် “ တိမ်းစောင်းမခံနိုင်သော မျှခြေ” အစီရင်ခံစာတွင် သံလွင်မြစ်တွင် ရေကာတာတည်ဆောက်ပါက သံလွင်မြစ်ကို မှီတင်းနေသည့် လယ်သမားများ၊ ရေလုပ်သားများ၏ အသက်မွေးဝမ်းကြောင်း ထိခိုက်နိုင်သည်ဟု ရေးသားထားသည်။
ထိုအစီရင်ခံစာကို မွန်ပြည်နယ် ၆ မြို့နယ်ရှိ ဒေသခံများကို သွားရောက်တွေ့ဆုံပြီး ၂ နှစ် အချိန်ကုန်ခံ ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ Orchard ဟိုတယ်၌ စက်တင်ဘာ ရ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
MYPO မှ မိအားချိုင်းက “မွန်ပြည်နယ်က မြစ်ဝပင်လယ်နဲ့ နီးတဲ့အတွက် အန္တရာယ်စက်ကွင်းမှာရှိတော့ စိုးရိမ်တယ်။ တိုက်ရိုက် ထိခိုက်နိုင်တဲ့ဆိုးကျိုုးက ရေချိုနဲ့ ရေငံဆက်တဲ့ နေရာဆိုတော့ ရေငံတိုးဝင်လာပြီး စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်မယ်။ စီးပွားရေး မပြေလည်ရင် ပညာရေး၊ လူမှုရေးနောက်ဆက်တွဲ ပြသာနာတွေ တက်လာမယ်” ဟု ပြောသည်။
အကြီးစားရေအားလျှပ်စစ် ထုတ်လုပ်ရန် ရေကာတာများ တည်ဆောက်ခြင်း၏ အကျိုးဆက်သည် ရေစီးဆင်မှု သဘာဝ မကျခြင်း၊ ဆည်မှ ရေများလွှတ်လိုက်ပါက မြစ်ညာပိုင်းတွင် ရေတက်လာပြီး မြစ်ကမ်းကို တိုက်စားခြင်း၊ မြစ်ကမ်းဘေးတလျောက်ရှိ ဥယျာဉ်ခြံများကို ပျက်စီးနိုင်မည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ရေကာတာစီမံကိန်းများ အကောင်အထည်ဖော်ပါက လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပြီး၊ သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာနေရာများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နေထိုင်သည့် နေရာတခုဖြစ်သည့်အတွက် စစ်ပွဲများဆက်လက် ဖြစ်ပွားနိုင်ကြောင်း ရှမ်းသဘာဝပတ်ဝန်းကျင် အဖွဲ့မှ စိုင်းခေးဆိုင်က ဆိုသည်။
“ရေကာတာတလျှောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ များတယ်။ ရေကာတာက စစ်အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ နေရာဖြစ်တယ်။ အခုရက်ပိုင်း တန့်ယန်းဘက် နောင်ဖရေကာတာအနီးမှာ အစိုးရတပ်တွေ တိုးချဲ့နေတယ်လို့ ကြားနေရတယ်” ဟု စိုင်းခေးဆိုင်က ပြောသည်။
အလားတူ ကယားပြည်နယ်ရှိ ရွာသစ်ရေကာတာ စီမံကိန်းကို ပြန်လည်စတင်နေသဖြင့် ဒေသခံများ ရွေ့ပြောင်းနေရကြောင်းနှင့် တချို့မှာ နီးစပ်ရာထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေသည်ဟု ကယားပြည်နယ် အမျိုးသမီးများအဖွဲ့မှ နန်းရင်းက ပြောသည်။
ရေကာတာတည်ဆောက်ပါက မြေနုများရှားပါးလာပြီး ရေများခန်းခြောက်လာနိုင်သဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် အလွန်ခက်ခဲမည် ဖြစ်သည့်အပြင် အမျိုးသမီးနှင့် ကလေးငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာများ ဖြစ်လာနိုင်ကြောင်း နန်းရင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးရန် သံလွင်မြစ်ရေကာတာ တည်ဆောက်ရန် သင့်လျော်ကြောင်းကို သြဂုတ်လ ၁၂ ရက်က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်း သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု တည်ဆောက်ရန် ၂၀၀၉ ခုနှစ် ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ထိုစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅,၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ရေအားလျှပ်စစ် စီမံကိန်း ၆ ခုသည် ရှမ်းပြည်နယ်အတွင်း၌ မဂ္ဂါ၀ပ် ၁,၄၀၀ ထွက်နိုင်သည့် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်း၊ မဂ္ဂါ၀ပ် ၁,၀၀၀ ထွက်နိုင်သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ရ,၁၁၀ ထွက်နိုင်မည့် မိုင်းတုံ (တာဆန်း) စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ်အတွင်း မဂ္ဂါဝပ် ၄,၅၀၀ ထွက်နိုင်မည့် ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁,၃၆၀ ထွက်နိုင်မည့် ဟတ်ကြီးစီမံကိန်းတို့ ဖြစ်သည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများမှ ထွက်လာမည့် လျှစ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံသို့ ၄၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသို့ ၄၅ ရာခို်င်နှုန်း ပေးပို့မည်ဖြစ်ပြီး ပြည်တွင်း၌ ၁၀ ရာခိုင်နှုန်းသာ သုံးစွဲမည်ဖြစ်ကြောင်း သိရှိရသည်။