မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဇီကာဗိုင်းရပ် ကူးစက်မှုဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်သို့ လာရောက်ခြင်း ခေတ္တဆိုင်ငံ့ထားရန် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။
မြန်မာကောင်စစ်ဝန်ရုံး၏ ကြေညာချက်၌ ချင်းမိုင်မြို့သို့ လာရောက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသည့် မိခင်လောင်းများ အနေဖြင့် ယခုရက်အတွင်း ချင်းမိုင်ပြည်နယ်သို့ လာရောက်မှုကို ခေတ္တဆိုင်းငံ့ထားရန် သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စနေနေ့က ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ရှိ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးနှင့် ထိုင်းကိုယ်ဝန်ဆောင်အမျိုးသမီးတဦး၌ ဇီကာဗိုင်းရပ်တွေ့ရှိကြောင်း ထိုင်းကျန်းမာရေးဌာနက ကြေညာခဲ့ပြီး နောက် ယခုကဲ့သို့ သတိပေးမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ကောင်စစ်ဝန်ချုပ် ဦးကောင်းစံလွင် က “မနေ့ကညနေဘက်တော့ ကျန်းမာရေးဌာနကို ဆက်သွယ်တော့ မရဘူး။ ဒီမနက်ဆက်သွယ်တော့မှ ရတယ်။ ဟုတ်တယ်တဲ့။ မြန်မာအမျိုးသမီးတယောက် သူတို့ရဲ့ဇီကာခန်းထဲမှာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကာယကံရှင်ရဲ့ သဘောအရ သူ့ရဲ့ နာမည်တို့ ဘာတို့တော့ပြောလို့မရဘူးပေါ့နော်။ ဒါပေမယ့် သေချာတဲ့ အကြောင်း တော့ ဆေးရုံက ကွန်ဖန်းလုပ်လိုက်တာပေါ့” ဟု ပြောသည်။
ကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်ထဲတွင် ဇီကာဗိုင်းရပ်စ် (Zika Virus) ကူးစက်ခံရသူများသည် ကိုယ်အပူချိန်တက်၍ အဖျားတက်ခြင်း၊ အရေပြားယားယံခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ပုံမှန်မဟုတ်သော ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရသည်ဟု ဖော်ပြထားသည်။
ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိုလည်း ဇီကာဗိုင်းရပ်စ် ကူးစက်မခံရစေရန် သတိထားနေထိုင်ကြဖို့ မြန်မာအလုပ်သမားများ အသွားအလာများသည့် နေရာများ၊ ဘုန်းကြီးကျောင်းများတွင် ကြော်ငြာများ ကပ်ခြင်း၊ အသိပေးခြင်းများ ပြုလုပ်သွားမည်ဟု မြန်မာကောင်စစ်ဝန်ရုံးက ပြောသည်။
“ကျနော်တို့ ဒီမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း အတတ်နိုင်ဆုံး ခြင်ကိုက်မခံရအောင် သတိထားပြီး နေကြဖို့ နောက်တခုကတော့ ကျနော်တို့ကြေညာချက်ထဲမှာလည်း ပါတယ်၊ ဒီလိုလက္ခဏာတွေဖြစ်ပြီဆိုတာနဲ့ ဆေးရုံ ဆေးခန်း သွားပြကြဖို့နဲ့ ကျနော်တို့ရုံးကိုလည်းဆက်သွယ်ကြဖို့ ဖုန်းနံပတ်တွေလည်းထည့်ပေးထားပါတယ် ” ဟု ဦးကောင်းစံလွင် ကပြောသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားမှုဖြင့် ယခုနှစ် သြဂုတ်လပိုင်းကတည်းက ဇီကာဗိုင်းရပ်စ် အန္တရာယ်နှင့် ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို အသိပညာပေးဟောပြောမှုများရှိခဲ့သဖြင့် အလုပ်သမားတချို့မှာ သိရှိထားကြောင်း သို့သော် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများကတော့ စိုးရိမ်မှုများရှိနေကြောင်း ချင်းမိုင် အခြေစိုက် အလုုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့(WSA) က ဧရာဝတီသို့ ပြောသည်။
WSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ဖုန်း က “ကိုယ်ဝန်ဆောင်မိခင်တွေလည်း ကြောက်ကြပါတယ်။ အရမ်းကို စိုးရိမ်ရတာပေါ့။ ဘာလို့လဲဆိုရင် ဒီရောဂါက ဘယ်သူ့ဆီမှာ ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ ဥပမာ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် အပေါ်မှာ ဖြစ်လာမယ်ဆိုရင်တော့ မွေးလာမယ့် ကလေးကိုလည်းထိခိုက်တယ်လေ။ ကျမတို့လည်း ကွင်းဆင်းတဲ့ အခါ ခြင်ဆေးကိုက်မခံဖို့၊ ခြင်ထောင်ထောင်အိပ်တာတို့၊ ခြင်ပေါတဲ့နေရာမှာဆိုရင် ခြင်လုံဇကာတို့ လုပ်ဖို့ပေါ့” ဟု ပြောသည်။
ချင်းမိုင်ခရိုင် ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်တွင် ဇီကာဗိုင်းရပ်စ် ဖြစ်ပွားသူ စုစုပေါင်း ၁၁ ဦးရှိနေပြီဖြစ်ကြောင်းသိရသည်။ ထိုအထဲက ကိုယ်ဝန် ၈ လနှင့် အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးသည် နောက်ဆုံးတွေ့ရှိခဲ့သည့် အထဲတွင်ပါဝင်လာခြင်းဖြစ်သည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ကူးစက်ခံရသူများကို အနည်းကပ် အထူးကြီးကြပ် ကုသပေးလျှက်ရှိပြီး လူနေအိမ် ပတ်ဝန်းကျင် အနီးတဝိုက်၌ လည်း ခြင်နှိမ်နှင်းရေးများပြုလုပ်လျှက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်လာအပ်သူများကိုလည်း အထူးကြပ်မတ်စစ်ဆေးရန် ညွှန်ကြားထားကြောင်းသိရသည်။