ပြီးခဲ့သည့်အပတ်က ဆေးရုံပြန်တင်လိုက်ရသော အသက် ၈၈ နှစ် အရွယ် ထိုင်းဘုရင် ဘူမိဘောအဒူလ်ယာဒက်၏ ကျောက်ကပ် ပုံမှန် အလုပ်မလုပ်သေးသော်လည်း ခံစားနေရသည့် ရောဂါကူးစက်မှုက သက်သာလာပြီ ဖြစ်ကြောင်း ထိုင်း တော်ဝင်နန်းတော်က စက်တင်ဘာလ ၈ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်တွင် ထိုင်းဘုရင် အနေဖြင့် ကျောက်ကပ် အလုပ်မလုပ်တော့သည့် ဝေဒနာရှင်များကို ကုသပေးသည့် အစားထိုးကုထုံးဖြင့် ဆက်လက်ကုသမှု ခံယူနေကြောင်းနှင့် ဆီးထုတ်လုပ်မှု နည်းနေသေးကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယခင်အပတ်က အပြင်းအထန်ခံစားရသည့် ရောဂါပိုး ကူးစက်ဝင်ရောက်မှု လျော့ပါးသွားပြီး အဆုပ်များတွင်လည်း အရည်နည်းသွားပြီ ဖြစ်သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် နန်းသက် အရှည်ဆုံး ဘုရင်ဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ဆေးရုံ တက်ရောက်ကုသမှုခံယူရသည့် အချိန်က ပိုများနေခဲ့သည်။ ဘူမိဘောသည် ၁၉၄၆ ခုနှစ်တွင် နန်းတက်ခဲ့သူဖြစ်သည်။ သူ၏နေရာကို ဆက်ခံမည့် အသက် ၆၃ နှစ် အရွယ် အိမ်ရှေ့မင်းသား ဗာဂျီရာလောင်ကွန်းက ဖခင်ဖြစ်သူလောက် အများ ၏ လေးစားကြည်ညိုမှု မရရှိသည့် အတွက် စိုးရိမ်မှုများ ရှိနေသည်။
ထိုင်းဘုရင် ဘူမိဘောသည် စည်းမျဉ်းခံ ဘုရင်တပါး ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိသော်လည်း ထိုင်းနိုင်ငံ၏ ပုံရိပ်အဖြစ် တညီတညွတ်တည်း သတ်မှတ်ခံထားရသူဖြစ်သည်။ သို့သော်လည်း သူ၏ ကျန်းမာရေး အခြေအနေက ပိုမို ဆိုးရွားလာသည့် အတွက် ပြီးခဲ့သည့် နှစ်များအတွင်း ပြည်သူ့ရေးရာ ကိစ္စများတွင် ပါဝင်မှုက သိသိသာသာ လျော့နည်း သွားခဲ့ရသည်။
ထီးနန်းအမွေဆက်ခံမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသည့် အချိန်တွင် ထိုင်းနိုင်ငံရေး အခြေအနေက ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ကသောင်းကနင်းဖြစ်နေခဲ့သည့်အတွက် ဘုရင် စနစ်အပေါ် မယုံကြည်သော်လည်း သူတို့ ထိန်းချုပ်သည့် ဖြစ်စဉ်တခု ရရှိရန် ဘုရင့် အပေါ် သစ္စာခံသူများက ကြိုးစားနေခဲ့ကြသည်။
စက်တင်ဘာလ ၂ ရက်နေ့က ထိုင်း ဘုရင် ကျောက်ကပ်အလုပ်မလုပ်သည့် ဝေဒနာ ခံစားနေရကြောင်း ကနဦး ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်း စတော့ဈေးကွက် သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရခြင်းက မရေရာမှုများကို ရောင်ပြန်ဟပ်ပြနေသည်။
ကိုးကား။ ။ Associated Press