စစ်အစိုးရလက်ထက်တွင် ပိတ်သိမ်းလိုက်ပြီး စည်ပင်သာယာရေး ကော်မတီက လွှဲပြောင်းရယူခဲ့သည့် ရန်ကုန်တိုင်း အင်းစိန် မြို့နယ်ရှိ အစိုးရ စက်မှုလက်မှု သိပ္ပံ(GTI) ကျောင်းအား ပညာရေး ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ ကို ယနေ့ နံနက်ပိုင်း က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် – ၅ ဒေါ်သန်းမြင့်အောင် က “အတတ်ပညာရှင်၊ အသိပညာရှင်တွေ မွေးထုတ်ပေးမယ့် GTI ကျောင်းကြီးကို မူလပိုင်ရှင်ဖြစ်တဲ့ ပညာရေးဌာနကို လွှဲပြောင်းပေးနိုင်ခြင်းက အစိုးရသစ်ရဲ့ သမိုင်း စာမျက်နှာတခု ဖွင့်လှစ်လိုက်တာပါ”ဟု ပြောသည်။
လွှဲပြောင်းရာတွင် ကျောင်းဝင်းအတွင်း အဆောက်အအုံ အားလုံးပါဝင်ပြီး စည်ပင်ခရိုင်ရုံးနှင့် ဝန်ထမ်းမိသားစု ၉၇၅ ဦး တို့ကို ဖယ်ရှားပေးမည် ဖြစ်သော်လည်း စည်ပင်သာယာရေး ကော်မတီက စာချုပ် ချုပ်ဆို ငှားရမ်းထားသည့် အဆောက် အအုံ တချို့မှာမူ သက်တမ်း ပြည့်သည်အထိ ရှိနေဦးမည် ဖြစ်ကြောင်းလည်း ဒေါ်သန်းမြင့်အောင် က ပြောပြသည်။
ပညာရေး ဝန်ကြီးဌာန အနေဖြင့် GTI ကျောင်းကို ဥရောပသမဂ္ဂ၊ နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ မူလပုံစံအတိုင်း ပြင်ဆင်းမှုများ ပြုလုပ်မည်ဖြစ်ပြီး မြေလွတ်နေရာများတွင်လည်း အဆောက်အအုံများ ထပ်မံ တိုးချဲ့ ၍ သင်တန်းများကို ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ပြုလုပ်သွားမည် ဖြစ်ကြောင်း နည်းပညာ သက်မွေးပညာ ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦး ကလည်း ပြောသည်။
အင်းစိန်မြို့နယ်အတွင်း တည်ရှိသည့် အဆိုပါ GTI ကျောင်းကြီးသည် ၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ သက်တမ်း အားဖြင့် ၁၂၁ နှစ်ရှိပြီဖြစ်သည်။
စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနထံမှ ရန်ကုန် စည်ပင်သာယာရေး ကော်မတီက လွှဲပြောင်း ရယူခဲ့ရာတွင် အကျယ်အဝန်း ၄၁ ဒသမ ၉၉၇ ဧကရှိပြီး အဆောက်အအုံ ၅၅ လုံး ပါဝင် ကြောင်း သိရသည်။
၁၉၈၃ ခုနှစ် GTI ကျောင်းဆင်း ဦးဇော်ရမ်းက “အရင်ကလို သင်ကြားရေး၊ လေ့ကျင့်ရေးတွေမှာ နိုင်ငံတကာ အဆင့်မီတဲ့ ကျောင်းကြီးဖြစ်လာဖို့ မျှော်လင့်တယ်၊ နောက်ပြီး စစ်တပ်ကသိမ်းခဲ့တဲ့ ကလော GTI ကျောင်း ကြီးကိုလဲ ပညာရေးကို ပြန်ပေးပြီး ကျောင်းသားတွေ တက်နိုင်အောင် ပြန်ဖွင့်စေချင်တယ်”ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် ယခုကဲ့သို့ ကျောင်းကြီး ပြန်လည်ရရှိယုံဖြင့် မပြီးသေးဘဲ အရည်အသွေးရှိသော လူငယ် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် သင်ကြားရေးဆိုင်ရာ လေ့ကျင့်ပေးမှုများနှင့် သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးအတွက် ပညာရေးဘက်ဂျက်ကို ယခုထက် ပိုမိုသုံးစွဲသင့်ကြောင်းလည်း ဦးဇော်ရမ်းက ပြောကြားသည်။