၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြံုမှုများကို ကာကွယ်ပေး နိုင်ရန် ရည်ရွယ်၍ ယင်းဥပဒေကြမ်းကို စက်တင်ဘာ ၈ ရက်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကေ်ာမတီက ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့နိုင်ငံတော်ဟာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ရာမှာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ဘဝလုံခြံုမှုတို့ကို လုံလောက်တဲ့ အကာအကွယ်များ ပေးအပ်နိုင်မှသာ အောင်မြင်နိုင်မှာဖြစ်လို့ နိုင်ငံတော်ရဲ့လိုအပ်ချက်များတွေနဲ့အညီ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ဤဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်စိုးလင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း၏ ရည်ရွယ်ချက်များမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာစေရန်၊ မည်သူမျှ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုတို့ကို နစ်နာဆုံးရှုံးမှု မရှိစေရန်၊ နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာ လုံခြံုမှု၊ ပစ္စည်း လုံခြံုမှု၊ စာပေးစာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြံုမှုများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဘဝလုံခြံုမှုများ ရရှိစေရန်ဟူ၍ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းဥပဒေကြမ်းတွင် အခန်းပေါင်း ၆ ခန်းနှင့် အပိုဒ်ပေါင်း ၁၅ ပါရှိပြီး ဥပဒေကြမ်းတွင် နိုင်ငံသားတဦး၏ နေအိမ်လုံခြံုမှု အပါအဝင် ဆက်သွယ်ရေးဆိုင်ရာ လုံခြံုမှုကိုပါ အကာအကွယ် ပေးထားကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ဦးတင်မောင်ဦးက “ကျနော် ကိုယ်တိုင်လည်း ဖုန်းကြားဖြတ် နားထောင်ပြီး အဖမ်းခံခဲ့ရတယ်။ ကျနော်တို့ နေအိမ်တွေကို ၀င်ရှာရင်လည်း ၀ရမ်းပါတယ်ဆိုတာ တခါမှ မပြဖူးဘူး။ ဒီလို ကျနော်တို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ယူရတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေတာတွေက သိပ်များခဲ့တယ်။ အဲဒီတော့ဒါတွေကို အတိုင်းအတာတခုအထိ ကန့်သတ်တားဆီးလိုက်တယ်။ ဒါမျိုး အပြုအမူခံရလည်း ပြန်ပြီးတရားစွဲနိုင်တဲ့ အခြေအနေကို ဖန်တီးပေးလိုက်တဲ့အတွက် ဒီဥပဒေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥပဒေတခုလို့ မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ဥပဒေကြမ်းတွင် တဦးနှင့်တဦးအကြား ဆက်သွယ်ရေးပစ္စည်း ကိရိယာတမျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ် ဖမ်းယူနားထောင်ခြင်း (သို့မဟုတ်) တနည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရဟု တားမြစ် ထားသည့်အပြင် ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ် ဆက်သွယ်ရေး သတင်းအချက်အလက် များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရဟုလည်း တားမြစ်ထားသည်။
ထို့အပြင် မည်သူမျှ တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရဟု တားမြစ်ထားသည်။
ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် အနည်းဆုံး ၆ လမှ အများဆုံး ၃ နှစ် အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်ကြောင်း ရေးဆွဲထားသည်။
တည်ဆဲဥပဒေ တရပ်ရပ်၌ အတိအလင်း ခွင့်ပြုထားခြင်း မရှိလျှင် နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုမိန့် (သို့မဟုတ်) ပြည်ထောင်စု အစိုးရ၏ ကြိုတင်ခွင့်ပြုမိန့် မရဘဲ နိုင်ငံသားတဦးဦးအား လူ့ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ၀င်ရောက်ရှာဖွေ သိမ်းဆည်းခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်း မပြုရဟု တားမြစ်ထားသည်။
ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ အများ ဆုံး ၅ နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ရေးဆွဲထားသည်။
ဥပဒေကြမ်းကို ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၁၂ ရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။