ကော်မရှင်၏ တာဝန်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် မဟုတ်ဘဲ ဘက်မလိုက်သော အကြံပြု အစီရင်ခံစာ တစောင် တင်သွင်းရန်သာ ဖြစ်သည်ဟု စက်တင်ဘာလ ၈ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအာနန်က မီဒီယာများသို ့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒီကိုလာတာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးဖို့၊ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းဖို့ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ထောက်ခံတင်ပြချက်တွေဟာ ကျနော်တို့ရည်ရွယ်သလို တင်းမာမှုတွေ လျှော့ချပြီး ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စတာအာနန်က ပြောသည်။
အကြံပေးကော်မရှင်၏ ရည်ရွယ်ချက်မှာ မြန်မာအစိုးရသို့ နိုင်ငံတကာစံနှုန်းများနှင့်အညီ ထောက်ခံတင်ပြချက်များပေးပြီး ရခိုင်ပြည်နယ်ပြဿနာအတွက် ရေရှည်တည်တံ့မည့် အဖြေတခု ရရှိရေးဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဟောင်း မစ္စတာအာနန်က ပြောသည်။
ထိုကော်မရှင်သည် အဆိုပါထောက်ခံတင်ပြချက်များ ရရှိရေးအတွက် အင်တိုက်အားတိုက် ဘက်မလိုက်ပဲ လုပ်ဆောင်မည် ဖြစ်သည်။ ပြဿနာဖြေရှင်းရေး၊ လူသားချင်း စာနာမှု အကူအညီ၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးကို အာရုံစိုက် လုပ်ဆောင်မည်ဟု မစ္စတာအာနန်က ပြောသည်။ ၂၀၁၂ ခုနှစ်တွင် လူပေါင်း ၁၄၀၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရသော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်သည် နိုင်ငံတကာ၏ အာရုံစိုက်ခံ လာရသည်။
စက်တင်ဘာလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ ရာနှင့်ချီသော သတင်းထောက်များထံမှ မေးခွန်း ၁၀ ခုသာ ဖြေကြားခဲ့ပြီး ကန့်သတ်ထားခဲ့သည်။
သတင်းထောက်တဦးက မစ္စတာအာနန်အနေဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မပါဘဲ မည်သို့အောင်မြင်စွာ ဆောင်ရွက်မည်ကို မေးသည်။
သူ ရခိုင်ပြည်နယ်သို့ ရောက်ရှိချိန်နှင့် ပြန်လည်ထွက်ခွာချိန် နှစ်ချိန်လုံးတွင် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်ပြီး ရခိုင်နိုင်ငံရေးပါတီတခု ဖြစ်သော ရခိုင်အမျိုးသားပါတီ Arakan National Partyက ကိုဖီအာနန်နှင့် နိုင်ငံခြားသားကိုယ်စားလှယ်များကို ကော်မရှင်မှ ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းသည်။ ထိုအဆိုကို စက်တင်ဘာလ ၆ရက်နေ့က မဲခွဲပယ်ချခဲ့သည်။
ဆန္ဒပြပွဲများသည် လူမှုဆက်သွယ်ရေး ပုံစံတမျိုးကို ကိုယ်စားပြုပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် ကန့်ကွက်ဆန္ဒပြခြင်းသည် အထူးအဆန်းမဟုတ်သောကြောင့် ဆန္ဒပြပွဲများကို မအ့ံသြဟု ပြန်လည် ဖြေကြားခဲ့သည်။
စက်တင်ဘာလ ၈ရက်နေ့တွင် ကိုဖီအာနန်သည် နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေဆုံခဲ့သည်။ ပြည်ထောင်စုလွှတ်တော်နှင့်အတူ ခေါင်းဆောင်နှစ်ဦးစလုံးတို့က ကော်မရှင်အနေဖြင့် ့လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မီးစိမ်းပြခဲ့ကြသည်။
“ကော်မရှင်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းကြောင်း ကျနော်အာမခံနိုင်ပါတယ်” ဟု သူကပြောပြီး ထိုကော်မရှင်သည် ရခိုင်ပြည်နယ်မှ ပြည်သူအားလုံး၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားသွားမည်ဟု ဆိုသည်။
စက်တင်ဘာလ ၆ ရက်မှ ရ ရက်အထိ ရခိုင်ပြည်နယ်သို့ သူ၏ ပထမဆုံးခရီးစဉ်အတွင်း မစ္စတာကိုဖီအာနန်သည် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရပ်ရွာအကြီးအကဲများ၊ လူမှုအခြေပြုအဖွဲ့များ နှင့် ဘာသာရေးခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။ မစ္စတာကိုဖီအာနန်သည် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားနှင့် မွတ်ဆလင်ဘာသာဝင် နေရပ်စွန့်ခွာထွက်ပြေးသူများ နေထိုင်သည့် ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုခရီးစဉ်သည် အကျိုးရှိကြောင်း သူကပြောသည်။
ပညာရေး၊ အလုပ်အကိုင်နှင့် ပိုမိုကျယ်ပြန့်သော လွတ်လပ်စွာ သွားလာမှု တိုးတက်ရေးအပေါ် ဒေသခံများက မေးခွန်းများ မေးသည်ဟု မစ္စတာကိုဖီအာနန်က ပြောပြသည်။ ကော်မရှင်အနေဖြင့် မြေပြင်မှ အခြေအနေများကို နားလည်ရန် ဒေသ၏ သမိုင်းကိုနားလည်ခြင်းသည် အသုံးဝင်လိမ့်မည်ဟု သူက ဆိုသည်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်သူတဦးက မစ္စတာကိုဖီအာနန်အနေဖြင့် သူ၏ ရခိုင်ခရီးစဉ်အတွင်း မွတ်ဆလင်အသိုင်းအဝန်းအပေါ် ဖိနှိပ်မှု တစုံတရာတွေ့ခဲ့ပါသလားဟု မေးသည်။
” ပုဂ္ဂလိကအမြင်အရပြောရရင် ကျနော်ဒါမျိုးတွေ မတွေ့ပါဘူး” ဟုသူက ပြန်ဖြေသည်။
ရခိုင်ပြည်နယ်အစိုးရသည် ထိုခရီးအတွက် အစီအစဉ်များစွာ ဆွဲထားခဲ့ပြီး မွတ်ဆလင်ဆန့်ကျင်ရေး ဖိနှိပ်မှု ရှိ မရှိဟူသော မေးခွန်းကို တိကျစွာဖြေရန် အချိန်ပိုလိုသည်ဟု ကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်က ရှင်းပြသည်။
သူ၏ အဖွင့်မိန့်ခွန်းတွင် မစ္စတာကိုဖီအာနန်က ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝန်းတခုကို ရည်ညွှန်းရန် ရိုဟင်ဂျာဟူသော ဝေါဟာရကိုသုံးစွဲခဲ့သည်။ ထိုအမည်သည် ထိုအသိုင်းအဝန်းက ၎င်းတို့ဘာသာ သတ်မှတ်သော အမည်ဖြစ်ကာ ဒေသခံရခိုင်များနှင့် ပိုမိုကျယ်ပြန့်သော မြန်မာပြည်သူလူထု အစိတ်အပိုင်းများက ရိုဟင်ဂျာဟူသော ဝေါဟာရကို ကန့်ကွက်ပြီး ထိုအစား ဘဂါင်္လီ ဟု သုံးသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေ့ပြောင်းလာသူများဟု ဆိုလိုသည်။ ထို့အပြင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အစိုးရက တရားဝင် အသိအမှတ်ပြုထားသော လူမျိုးစု ၁၃၅ မျိုးတွင်လည်း မပါဝင်ပေ။
ယခုနှစ် အစောပိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် ပြည်နယ် မတည်ငြိမ်မှုဖြစ်စေသောကြောင့် ရိုဟင်ဂျာ ဟူသော စကားလုံးကို ရှောင်ရှားရန် ပြောကြားခဲ့သည်။ ထိုအသုံးအနှုန်းကို ရှောင်ရှားရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်မံပြောဆိုခြင်း ရှိ မရှိ သတင်းထောက်တဦးက မစ္စတာအာနန်အား မေးသည်။
“ရိုဟင်ဂျာရော ဘင်္ဂလီရော ဒီစကားလုံးနှစ်ခုလုံးက စိတ်ခံစားမှုတွေ ပါတယ်” သူက ပြောသည်။
ထောက်ခံတင်ပြချက်များ ပြုလုပ်ရေးအတွက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ပတ်သက်သောပြဿနာများကို ကော်မရှင်က လေ့လာစုံစမ်းရန် လိုသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆိုကာ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးသည် ဤလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ကောင်း ပတ်သက်ရမည့် သဘောကို မစ္စတာကိုဖီအာနန်က အရိပ်အမြွက် ပြောကြားခဲ့သည်။