မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ ပင်းယနှင့် အင်းဝမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဇုန်မှ ဘုရား၊ အုတ် ကျောင်း၊ မြို့ရိုးနှင့် နန်းမြင့်မျှော်စင်တို့ကို ငွေကျပ်သိန်းပေါင်း ၁၈၂၀ ကုန်ကျခံကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြုပြင်ထိန်းသိမ်းခြင်း ဆောင်လျှက်ရှိသည်။
ပင်းယမြို့ဟောင်းရှိ ဂူသုံးလုံး ဘုရားမှ အလယ်ဂူ၊ အင်းဝမြို့ဟောင်းမှ လေးထပ်ကြီး အုတ်ကျောင်းတော်၊ နန်းမြင့်မျှော်စင်၊ စန္ဒပူရိတံခါးနှင့် ကျိုင်းရုံးတံခါးကြားရှိ မြို့ရိုးနှင့် အင်းဝပြတိုက်တို့အား မွမ်းမံထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှညွန်ကြားရေးမှူ ဦးညိုမြင့်ထွန်းက ပြောသည်။
“လက်ရှိမှာ အလယ်ဂူဘုရားအမှတ် ၃၇၄ ကို ပြုပြင်မွမ်မံမှုတွေလုပ်နေတယ်၊ နောက်ပြီးရင် အင်းဝမြို့ကြီး အနောက်ဖက် မျက်နှာမှာ ရေတိုက်စားလို့ ပြိုပျက်နေတဲ့ စန္ဒပူရိတံခါးနဲ့ ကျိုင်းရုံးတံခါးကြားမှာရှိတဲ့ မြို့ရိုးကိုလည်း မြစ်ရေမဝင်နိုင်အောင် ပြုပြင်ထိန်းသိမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့ကစတင်ကာ ပင်းယမြို့ဟောင်းရှိ အလယ်ဂူ ဘုရားအမှတ် ၃၇၄ ကို ရှေးဟောင်း သုတေ သနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး(အင်ဂျင်နီယာ)မှ ဦးဆောင်ကြီးကြပ်၍ ပြုပြင်မွမ်းမံ နေခြင်းဖြစ်သည်။
အင်ဝမြို့ဟောင်းရှိ နန်းမြင့်မျှော်စင် လှေကားများမှာ ပျက်စီးနေသောကြောင့် တက်ရောက် ခွင့်ပိတ်ပင်ထားခဲ့ရာ ယခုအခါ အပေါ်သို့ ပြန်လည်တက်ရောက်နိုင်သည်အထိ ပြုပြင်သွားမည်ဟု သိရသည်။
ယခုဘဏ္ဍာနှစ်မှာပင် အင်းဝမြို့ဟောင်းရှိ နန်းတော်မြို့ရိုးပြုပြင်ခြင်း၊ ဘကြီးတော်စစ်ကိုင်းမင်း ကောင်းမှုတော် လေးထပ် အုတ်ကျောင်းကြီးကို ချုံများရှင်းလင်းကာ ရှေးမှုမပျက်ပြုပြင်ထိန်းသိမ်းခြင်း၊ အင်းဝပြတိုက်၏ အထွေထွေလိုအပ်ချက်များ ကို ပြုပြင်၍ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို အဆင်မြှင့်ခင်းကျင်းပြသနိုင်ရန် ဆောင်ရွက်မည်ဟု ဦးညိုမြင့်ထွန်းက ဆက်လက်ရှင်းပြသည်။
ယင်းလုပ်ငန်းများအတွက် ပင်းယမြို့ဟောင်းရှိ အလယ်ဂူပြုပြင်မှု ငွေကျပ် သိန်း၄၀၀၊ လေးထပ် အုတ်ကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းမှု ငွေကျပ် သိန်း၁၅၀၊ နန်းမြင့်မျှော်စင်ပြုပြင်မှု ငွေကျပ်သိန်း ၆၀၊ စန္ဒပူရီနှင့့် ကျိုင်းရုံးတံခါးကြားရှိ မြို့ရိုး ပြုပြင်ထိန်းသိမ်းမှု ငွေကျပ် သိန်း ၁၁၀၊ နန်းမြို့တော်မြို့ရိုး ပြုပြင်ထိန်းသိမ်းမှု ငွေကျပ်သိန်း ၃၀၀၊ အင်းဝပြတိုက် အထွေ ထွေ လိုအပ်ချက်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်ခင်းကျင်းပြသနိုင်ရန်အတွက် ငွေကျပ် သိန်း၈၀၀ အသုံးပြုသွား မည် ဖြစ်ကြောင်း သိရသည်။
အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နှစ်စဉ်နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်သည့် ခရီးစဉ်တွင် ပါဝင်နေခြင်းကြောင့် ဦးစားပေးထိန်းသိမ်းပြုပြင်ခြင်းဖြစ်သည်။