ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားသည့် ဒေသများကို တပ်မတော်က တပ်အင်အား အမြောက် အမြားဖြင့် ထိုးစစ်ဆင်လာခြင်းသည် ကချင်ပြည်နယ်ရှိ သဘာ၀ သယံဇာတများကို သိမ်းပိုက်လို၍ ဖြစ်ကြောင်း ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က ယနေ့ ထုတ်ပြန်လိုက်သည်။
“တိုက်ပွဲဖြစ်ရတဲ့ အရင်းအမြစ်အားလုံးကို ကြည့်လိုက်ရင် ဒီသဘာ၀ သယံဇာတအပေါ် မူတည်နေတာမို့ ဒီလို ထိုးစစ် မြှင့် တင်မှုအပေါ် ရှုတ်ချတယ်ဆိုတာကို ထုတ်ပြန်ချက်မှာ ထည့်ရခြင်း ဖြစ်တယ်”ဟုလည်း KWAT တွဲဖက်တာဝန်ခံ ဆိုင်းဇင်က ပြောဆို သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် တာဝန်ယူလာသည့် လွန်ခဲ့သော ၆ လ ခန့်မှ စတင်ပြီး KIA ထိန်းချုပ် ဒေသများကို တပ်မတော်က တပ်အင်အား အမြောက်အမြားဖြင့် မြေပြင်နှင့်ဝေဟင်မှ ထိုးစစ်ဆင်ရခြင်း၏ အကြောင်းရင်း သည် သယံဇာတကြွယ်ဝသည့် ဖားကန့်၊ တနိုင်း ဒေသများကို သိမ်းပိုက်ရန်အပြင် တရုတ်တို့အတွက် အဓိက ကုန်သွယ် ရေး လမ်းမကြီး ဖြစ်လာမည့် လီဒိုလမ်းဟောင်း တလျှောက်ရှိ KIA ကို ဖယ်ရှား ရှင်းလင်းရန် ဖြစ်သည်ဟု KWAT ၏ စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မရန်ဂျော်ဂွန်း ကလည်း “လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေကို ကြည့် လိုက်လို့ရှိရင် ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဆိုတော့ ဒီသယံဇာတတွေနဲ့ ဆက်နွယ်တဲ့ကိစ္စတွေ ဖြစ်တယ်ဆိုတာကို တွေ့ရ တယ်”ဟု ပြောဆိုသည်။
KIA အဖွဲ့သည် ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေချိန်၌ တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ညီလာခံကျင်းပနေချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကီလို မီတာ ၅၀ ခန့်သာ ကွာဝေးသည့် မိုးကောင်းမြို့ အနီးရှိ KIA တပ်စခန်း တခုကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ KWAT ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းကို ဧရာဝတီ က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
ပြီးခဲ့သည့် သြဂုတ် ၃၁ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်၍ “လက်နက်ကိုင် လမ်း စဉ် ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေး ဖော်ဆောင် ဖန်တီးနေတာမျိုးက ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် ဖြစ်နေတယ် ဆိုတာကို အလေးအနက် သတိပြုရမှာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက တပ်မတော်က တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာ မှု ဖြစ်လာရေးကို လုပ်ဆောင်သင့်ကြောင်း၊ မြစ်ချောင်းများ အပါအဝင် တိုင်းရင်းသား ဒေသများရှိ သဘာ၀ သယံဇာတများ ရောင်းချခြင်းကို ရပ်ဆိုင်းသင့်ကြောင်း၊ ကချင်ပြည်သူများ လက်မခံသည့် မြစ်ဆုံဆည် စီမံကိန်းကို ဖျက်သိမ်းသည်ဟု အမြန်ဆုံး ကြေညာသင့်ကြောင်း KWAT က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက် ထူထောင်ထားသည့် ကချင် အမျိုးသမီး အစည်းအရုံး (KWAT)ကို ၁၉၉၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မိုင်ဂျာယန်နှင့် မြစ်ကြီးနားမြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။