ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ် ၂ ဦးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ၂၀၁၅ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ပယ်ချ လိုက် ခြင်း နှင့် ပတ်သက်ပြီး NLD က မကျေနပ်၍ အထူးအယူခံလွှာ ဆက်လက် တင်သွင်းသွားမည်ဟု သိရသည်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှ USDP ကိုယ်စားလှယ်၂ ဦးသည် ဘာသာရေး၊ လူမျိုးရေးအသုံးချ၍ ၂၀၁၅ရွေးကောက် ပွဲ အနိုင်ရရှိရေး လုပ်ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် NLD ပါတီ၏ ကန့်ကွက်လွှာကို UEC က ယခုနှစ် စက်တင်ဘာ ၂ ရက်နေ့က ပယ်ချခဲ့ခြင်း ဖြစ်သည်။
USDP ပါတီမှ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စား လှယ် ဦး ကျော်မြင့်တို့ကို NLD ပါတီမှ ပြည်သူ့လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းထွန်းဝင်းနှင့် အမှတ် ၂ တိုင်းဒေသကြီး တွင် ယှဉ်ပြိုင်ခဲ့သူ ဦးအောင်မျိုးဦးတို့က UEC ထံသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကန့်ကွက် လွှာ တင်သွင်းခဲ့သည့် အမှုဖြစ်ပြီး အထူးအယူခံလွှာကို လာမည့် တပတ်အတွင်း တင်သွင်းသွားမည်ဟု သိရသည်။
၂၀၁၅ ရွေးကောက်ပွဲ ကာလတွင် USDP ပါတီ ကိုယ်စားလှယ်လောင်း ၂ ဦးသည် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချ၍ မဲဆွယ်ပြီး ရွေးကောက်ပွဲအနိုင်ရရှိခဲ့ကြောင်းကို အချက်အလက် အထောက်အထားများ၊ ဗီဒီယိုဖိုင်၊ အသံဖိုင်များဖြင့် တင်ပြ ခဲ့သာ်လည်း UEC က NLD ကိုယ်စားလှယ်လောင်းများကို အရှုံးပေးခဲ့သည်ဟု ကာယကံရှင်များက မီဒီယာများသို့ ပြော သည်။
စက်တင်ဘာ ၁၀ ရက်က နေပြည်တော် ရာဇဌာနီလမ်းရှိ Excellent စားသောက်ဆိုင််၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် NLD ပါတီမှ ဦးအောင်မျိုးဦးက “ဘာကြောင့် ရှုံးရလဲဆိုရင် ကော်မရှင်ရဲ့ ဥပဒေအပေါ်မှာ တန်ဖိုးမဲ့ ပြုခဲ့တဲ့ လုပ်ရပ် ကြောင့် ရှုံးရ တာပါ။ အဲဒီ အကြောင်း အားလုံးကို သိစေချင်တယ်။ ကျနော်တို့က တရားဥပဒေရဲ့ အကာအကွယ်ကို ရမယ် ထင်လို့ ဥပဒေ အတိုင်း လိုက်နာခဲ့တယ်။ ဒါပေမယ့် အကာအကွယ် မရခဲ့ပါဘူး”ဟု ပြောသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲကို NLD ဗဟို၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်များ အနေဖြင့် “ကိုယ့်တာဝန် ကိုယ်ယူနိုင် ပါက ရှင်းလင်းပွဲ လုပ်နိုင်ကြောင်း” သဘောထား ပေးခဲ့သည်ဟု သိရသည်။
NLD ပါတီက စွပ်စွဲထားသည့် ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်မှာ ရခိုင်ပြည်နယ် စစ်တိုင်းမှူး ဟောင်း အငြိမ်းစား ဗိုလ်ချုပ်တဦးဖြစ်ပြီး ယခုအခါ ဦးရွှေမန်း ဦးဆောင်လျက် ရှိသည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်၍ နောက်တဦးဖြစ်သူ ရမည်းသင်း မြို့နယ် တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် ဦးကျော်မြင့်မှာ မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှု ဝန်ကြီးဟောင်း တဦး ဖြစ်ကြောင်း သိရသည်။
အစွပ်စွဲခံရသူ ဦးကိုကိုနိုင်ကမူ NLD သမ္မတ၊ NLD အစိုးရက ခန့်အပ်တာဝန်ပေးထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် USDP ကိုယ်စားလှယ်ကို ဘက်လိုက်၍ အနိုင်ပေးရန် အကြောင်းမရှိကြောင်း၊ ဥပဒေအတိုင်း မှန်ကန်စွာ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူတို့ပြတဲ့ ဗီဒီယိုသည် UEC သို့ သက်သေခံ တင်ထားတာလား၊ လိုသလို အသံကို ပြုပြင်ထားသလားဆိုတာ မသိနိုင်ပါ။ UEC က ဗီဒီယိုကို သေချာဖွင့်ကြည့် နားထောင်ခဲ့တယ်လို့ ဆုံးဖြတ်ချက်ထဲမှာ ပါပါတယ်။ အခြားသော ခိုင်လုံတဲ့ အချက် အလက် တွေကိုလည်း UEC က သူ့ဆုံးဖြတ်ချက်မှာ ပြည်စုံစွာ ဖော်ပြထားပါတယ်”ဟု ဦးကိုကိုနိုင်က ပြောသည်။
NLD ပါတီ ကိုယ်စားလှယ်များကမူ USDP ပါတီမှ ဦးကိုကိုနိုင်နှင့် ဦးကျော်မြင့်တို့သည် ရွေးကောက်ပွဲ ကာလတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ပူးပေါင်းကာ NLD ပါတီကို တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲ ကာလ တွင် ရမည်းသင်း မြို့နယ်၌ ကျင်းပသည့် မျိုးစောင့် ဥပဒေ အောင်ပွဲ များတွင် မဘသ အဖွဲ့နှင့် ပူးပေါင်းခြင်း၊ ရမည်းသင်း မြို့နယ် တွင် ကျင်းပခဲ့သည့် ဆရာတော် ဦးဝီရသူ၏ NLD ပါတီကို မဲမပေးရေး ဟောပြောချက်များကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲရက် မတိုင်ခင် နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ရမည်းသင်းမြို့နယ် ရန်အောင်မြင် ဓမ္မာရုံနှင့် သီလဝ ခန်းမတွင် “မျိုးစောင့် ဥပဒေ အောင်ပွဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတွင် ဆရာတော် ဦးဝီရသူက “ဗလောင်းဗလဲ သမား တွေက အပြောင်းအလဲကို ဆိုနေကြပြီ။ မပြောင်းလဲချင်နေပါစေ၊ ဗလောင်းဗလဲ သမားတွေနဲ့ ဝေးပါ စေ သတည်း”ဟု ဟောပြောခဲ့ရာ ထိုဟိုပြောချက်သည် ရမည်းသင်း NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်မှုကို ထိခိုက်စေ ခဲ့ ကြောင်းလည်း ဦးအောင်မျိုးဦးက ပြောသည်။
“ဦးဝီရသူက ဗလောင်းဗလဲ သမားတွေ အပြောင်းအလဲစကား ဆိုနေကြပြီဆိုပြီး ဟောလိုက်တော့ တနယ်လုံးက လူတွေကို NLD နဲ့ဝေးအောင်နေလို့ ပြောတာပါ။ အသည်းကြားက မဲတပြား ငရဲမလားရအောင် မျိုးစောင့်ဥပဒေ ပြဌာန်းပေးခဲ့တဲ့ ကြံ့ခိုင် ရေးပါတီ ကိုသာ မဲထည့်ကြဆိုတဲ့ ဟောပြောချက်ကလည်း ကျနော်တို့နယ်က ဗုဒ္ဓဘာသာဝင်တွေ အပေါ်မှာ တော် တော် ရိုက်ခတ်မှု ရှိပါတယ်”ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော်တွင် ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းထွန်းဝင်း ကလည်း ပြောသည်။
ထို မျိုးစောင့် ဥပဒေ အောင်ပွဲကို တက်ရောက်ခဲ့သူမှာ လူဦးရေ ၅၀၀၀၀ ရှိသည်ဟု ဖော်ပြသော အောင်ဇေယျတု ဂျာနယ် ကို လည်း NLD ကိုယ်စားလှယ် များက အထောက်အထား အနေဖြင့် မီဒီယာများသို့ ပြသသည်။
NLD ပါတီ ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဦးကိုကိုနိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချ၍ မဲ ဆွယ်ခဲ့ကြောင်း၊ သူ၏ ရွေးကောက်ပွဲ မဲဆွယ်သည့် လက်ကမ်းစာစောင်တွင် ၄င်းရခိုင်ပြည်နယ် စစ်တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က ဆွမ်း၊ ကွမ်း မလုံလောက်သည့် ဘုန်းကြီးကျောင်း ၂၂၇ ကျောင်းကို ၀ါတွင်း ၃ လပတ်လုံး ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် ပဲတို့ လှူဒါန်းခဲ့သည် ကိုု ဖော်ပြထားကြောင်း ပြောဆိုသည်။
ထို့အပြင် ၂၀၁၂ ခုက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဘုန်းကြီးကျောင်း ၁၄ ကျောင်းကို ၀ါဆို၊ ၀ါကပ်အမီ တိုက်ကျောင်းများအဖြစ် ဆောက်လုုပ်ပေးခဲ့သည်ဟု ပါရှိကြောင်းလည်း ဆိုသည်။
ဦးကိုကိုနိုင်ကမူ ၄င်း၏ ကျောင်းသားဘဝ၊ တပ်မတော်သားဘဝ၊ နိုင်ငံ့ဝန်ထမ်းဘဝ၊ ပါတီတာဝန်နှင့် လွှတ်တော်တာဝန် တို့ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ပုံများကို ဖော်ညွှန်းတင်ပြချင်သည့် သဘောဖြင့် လက်ကမ်းစာစောင်တွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီက ကြည့်ရှုခွင့် ရရှိသည့် UEC ၏ ဆုံးဖြတ်ချက် မိတ္တူတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကာလ ရမည်းသင်းမြို့နယ် သီးကုန်းကျေးရွာတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ရှိ ကလေးငယ်များကို ဆုပေး ပွဲ ကျင်းပရာ ဦးကိုကိုနိုင်နှင့် ဦးကျော်မြင့်တို့ တက်ရောက်ခဲ့ပြီး မဲဆွယ်ခဲ့ကြောင်း၊ ထိုပွဲတွင် မဘသ ဆရာတော် ဦးကုမာရ က NLD ပါတီကို မဲမပေးရန် အမည်တပ်၍ ဟောပြောခဲ့ကြောင်းလည်း သိရသည်။
ထိုဟောပြောပွဲပြီးနောက် ဆရာတော် ဦးကုမာရကို NLD ပါတီက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
သို့သော် USDP ကမူ မနက်ပိုင်း အခမ်းအနားသို့သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆရာတော် ဟောပြောချက်သည် နေ့လယ် ပိုင်း ရောက်မှသာ ဖြစ်ကြောင်း ပြောဆိုသဖြင့် ၂ ဖက် အပြန်အလှန် အငြင်းပွားမှု ဖြစ်ခဲ့ကြကြောင်း သိရှိရသည်။
ကော်မရှင်ကမူ မဘသ ဆရာတော် ဦးကုမာရသည် NLD ပါတီကို ဝေဖန်တိုက်ခိုက်ခဲ့သည် မှန်သော်လည်း ဦးကိုကိုနိုင်နှင့် ဦးကျော်မြင့် တို့ ပါဝင်ပတ်သက်သည်ကို သက်သေအထောက်အထား ခိုင်လုံအောင် တင်ပြနိုင်မှု မရှိခြင်း၊ တင်ပြသည့် သက်သေသည်လည်း NLD ပါတီ တဦးသာ ဖြစ်ခြင်းကြောင့် မခိုင်လုံကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ NLD ကို တိုက်ခိုက်တဲ့အတွက် ရွေးကောက်ပွဲ ကာလမှာပဲ ရဲစခန်း အသီးသီးမှာ အမှု ၄ မှု ဖွင့်ခဲ့တယ်။ အဲဒီ အမှု ၄ မှု စလုံး ကို တိုင်းဥပဒေအရာရှိချုပ်က ပိတ်ခိုင်းလို့ဆိုပြီး အကုန်လုံး ပြန်ပိတ်သွားခဲ့တယ်”ဟု NLD ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောသည်။
ရွေးကောက်ပွဲကာလ ရမည်းသင်းမြို့နယ် ညောင်အိုင်ကျေးရွာတွင်လည်း ကျောင်းထိုင်ဆရာတော် က ရွေးကောက်ပွဲနေ့ မတိုင်ခင် တရက်အလိုတွင် အသံချဲ့စက်ဖြင့် ကြံ့ခိုင်ရေးပါတီကို မဲပေးရန်၊ NLD ပါတီကို မဲမပေးရန် ဟောပြောမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုဆရာတော်၏ ဟောပြောမှု မှန်ကန်ကြောင်း UEC က ဆုံးဖြတ်ခဲ့သော်လည်း ထိုဆရာတော်သည် ဦးကိုကိုနိုင် ထောက်ပံ့ ပေးထားသည့် ဆရာတော် ဖြစ်ကြောင်းကို NLD က မတင်ပြနိုင်ဟု သုံးသပ်ခဲ့သည်။
UEC ၏ သုံးသပ်ချက် အများစုတွင် ဦးကိုကိုနိုင်က မဲဆွယ်စည်းရုံးမှုများ ပြုရာတွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု ၍ NLD ပါတီ ကို မဲမထည့်ရန် ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်ဟူသော သက်သေထင်ရှားစွာ မပြသနိုင်ဟု သုံးသပ်ချက် များကို တွေ့ရှိရသည်။
NLD ပါတီက တင်ပြခဲ့သည့် USDP က ဘာသာရေး၊ လူမျိုးရေး အသုံးချ မဲဆွယ်ပေးသည် ဆိုသော ကျေးရွာများ၊ ကျောင်း ထိုင် ဆရာတော် များက USDP ကို ရွာလုံးကျွတ် မဲပေးရန် မိန့်ကြားခဲ့သည့် ကျေးရွာများတွင် NLD ပါတီက မဲနိုင်ခဲ့ကြောင်း၊ ဦးကိုကိုနိုင်နှင့် ဦးထွန်းထွန်းဝင်းတို့တွင် ဦးကိုကိုနိုင်က ခိုင်လုံမဲ ၇၁၉၂၄ ၊ ဦးထွန်းထွန်းဝင်းက ခိုင်လုံမဲ ၅၄၇၄၇ မဲ ရှိသဖြင့် မဲအရည်အတွက်မှာ ၁၇၁၈၁ မဲ ကွာခြားနေသည်မှာ စဉ်းစားသင့်သည့် အချက်ဖြစ်ကြောင်းလည်း UEC ၏ သုံးသပ်ချက် များ တွင် ဖော်ပြခဲ့သည်။
NLD ကိုယ်စားလှယ်များ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀၇ ဃ တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုရဟု ပြဌာန်းထားကြောင်း၊ အကယ်၍ ယင်းပြဌာန်းချက်နှင့် ငြိစွန်းခဲ့ပါက မှတ်ပုံတင်ခွင့် ပေးနိုင်သော အဖွဲ့ အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု ပုဒ်မ ၄၀၈ တွင် ဖော်ပြထား ကြောင်း ပြောဆိုခဲ့ကြသည်။