ယခုနှစ် မေလတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ အစိုးရပိုင်ကုမ္ပဏီများနှင့် ဘဏ်များ အပေါ်ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုကို ဖြေလျှော့ပေးလိုက်သည့် အချိန်၌ အမေရိကန် ကုန်သည်ကြီးများ အသင်း (US Chamber of Commerce) က သဘောကျ ကျေနပ် ခြင်း မရှိခဲ့ဘဲ ပုံမှန်အနေအထား ဆက်ဆံရေး အပြည့်အဝပေးရန်နှင့် မြန်မာ နိုင်ငံတွင်းမှ ပို့ကုန်လုပ်ငန်း ကဏ္ဍများကို အားပေးရာရောက်သည့် ကုန်သွယ်ရေး ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ စတင်ရန် တောင်းဆိုခဲ့ကြသည်။
ယခုအခါတွင် အမေရိကန် ကုန်သည်ကြီးများအသင်းက ပို၍ ဆော်ဩမည့် အသွင်ရှိနေသည်။ အမေရိကန် အစိုးရကိုသာ မဟုတ် မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါမည်ဖြစ်သည်။
အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ(US-ASEAN Business Council) နှင့် အမေရိကန် ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် Four Seasons ဟိုတယ် ၌ ညစာစားပွဲနှင့် တည်ခင်းဧည့်ခံရန် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဦးစားပေးအချက်များ၊ အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံရေး၏ လက်ရှိ အနေအထားနှင့် မြန်မာနိုင်ငံဖွံ့ဖြိုတိုးတက်ရေးအတွက် အမေရိကန် စီးပွားရေးအသိုင်းအဝိုင်းက မည်ကဲ့သို့ ကူညီနိုင်မည် ဆိုသည်တို့ကို လေ့လာရန် ပြိုင်ဘက်ကင်းသည့် အခွင့်အရေးတခု ဖြစ်လာလိမ့်မည်ဟု ၎င်း ဖိတ်ကြားချက်က ဆိုသည်။
ညစာစားပွဲ အတွက် စပွန်စာ ပေးနိုင်သည့် အခွင့်အရေးများကို အမေရိကန်ဒေါ်လာ ၇၅၀၀ မှ ၁၅၀၀၀ မှ ၂၅၀၀၀ အထိ အမျိုးအစား ကွဲပြားစွာ ဝယ်ယူနိုင်ပြီး စပွန်ဆာပေးသူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှားပါးသော အခွင့်အရေးကို ရရှိလိမ့်မည် ဖြစ်သည်။ ညစာစားပွဲ အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သာမက သူ၏ ခရီးစဉ်တွင် လိုက်ပါလာသူများနှင့် တဝိုင်းတည်းထိုင်ရင်း အလွတ်သဘော ပြောဆို ဆွေးနွေးခွင့်၊ အထူးအရေးကြီး ပုဂ္ဂိုလ်နေရာမှ ကြိုဆိုခွင့်များလည်း ရရှိမည် ဖြစ်သည်။
ဝါရှင်တန်မြို့တွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များ၌ အမေရိကန် သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၊ ကွန်ဂရက်လွှတ်တော် ကိုယ်စား လှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာကို ကျယ်ကျယ်ပြန့်ပြန့် ချုပ်ကိုင်နေဆဲ ဖြစ်သည့် တပ်မတော် အပေါ် အမေရိကန် အစိုးရက တင်းကျပ်မှုများ မည်မျှ အထိ ဖြေလျှော့ပေးရန် ဒေါ်အောင်ဆန်းစုကြည်က အလိုရှိသည်ကိုု အမေရိကန် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးချိန်တွင် စီးပွားရေးပိတ်ဆိုု့မှု ဆက်လက် ဖြေလျှော့ခြင်း (သိုု့တည်းမဟုုတ်) လုံးဝ ရုုပ်သိမ်းခြင်းကိုု သမ္မတ အိုဘားမားက ဆုုံးဖြတ်လိမ့်မည်။
အဘယ်ကြောင့် ဆိုသော် ကျန်ရှိနေသေးသည့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု အများစုမှာ မြန်မာစစ်တပ်က လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေး မလုပ်ရန် တားမြစ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတင် သွင်းခြင်းကို တားမြစ်ခြင်း နှင့် ကန့်သတ်ထားသည့် လူပုဂ္ဂိုလ်များဖော်ပြထားသော အမည်ပျက်စာရင်း တို့လည်း အပါ အဝင်ဖြစ်သည်။
မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စန်တာ (Center for Strategic and International Studies) မှ လတ်တလော ထုတ်ပြန်ခဲ့သည့် “Myanmar’s New Dawn: Opportunities for Aung San Suu Kyi and US-Myanmar Relations” အမည်ရှိ အစီရင်ခံစာတွင် အမေရိကန် အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်းကို ခြေလှမ်းထပ်တိုးသင့် ကြောင်း ဖော်ပြထားသည်။
“အမေရိကန် အစိုးရအနေနဲ့ အထူးကန့်သတ်ထားတဲ့ နိုင်ငံသားစာရင်း (SDN) ထဲနေလွတ်မြောက်ဖို့ သူတို့ရဲ့ စီးပွားရေးနဲ့ လူမှုရေး အလေ့အထတွေကိုု ပြုပြင်ပြောင်းလဲခဲ့တဲ့ စီးပွားရေးသမားတွေ အဆင်ပြေစေမယ့် လက်တွေ့ကျတဲ့ အကဲဖြတ် သတ်မှတ်မှုတွေ ချမှတ်သင့်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
မေလအတွင်းတွင် အရေးယူပိတ်ဆို့မှု အချို့ကို ပယ်ဖျက်ပေးခဲ့သော်လည်း အမေရိကန် ဘဏ္ဍာ ရေး ဝန်ကြီး ဌာန၏ အထူးကန့်သတ်ထားသည့် နိုင်ငံသားများစာရင်းတွင် မြန်မာ့ စီးပွားရေးကို အဓိက ထိန်းချုပ်နေသည့် စီးပွားရေးလုပ်ငန်းရှင် နှင့် ကုမ္ပဏီ ၁၀၀ ခန့် ကျန်ရှိနေသေးသည်ဟု လည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။