ကရင်အမျိုးသား အစည်းအရုံး (KNU) က ၎င်းတို့ထိန်းချုပ်နယ်မြေ ဖြစ်သည့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဖာပွန်ခရိုင်နှင့် ထိစပ် နယ်မြေဖြစ်သော မယ်သဝေါဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအပေါ် ကန့်ကွက်ကြောင်းနှင့် တုုိက်ပွဲများ ရပ်တန့်ရန် ယနေ့ ကြေညာချက်ထုုတ် တောင်းဆုုိလိုုက်သည်။
မယ်သဝေါ ဒေသတွင် တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းစစ်ကြောင်းများနှင့် DKBA တို့အကြား ယခုလ ဆန်းပိုင်းမှ စ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ထိုတိုက်ပွဲများ ဆက်လက်ကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ကြေညာချက် ထုတ်ပြန် ရခြင်းဖြစ်ကြောင်း KNU ၏ တွဲဘက်အတွင်းရေးမှူး (၁) ပဒို စောသောသီဘွဲ က ပြောသည်။
ပဒို စောသောသီဘွဲ က “ကျနော်တို့ နယ်မြေထဲမှာ ဒီလိုမျိုးဖြစ်လာယ်ဆိုလို့ရှိရင် တိုက်ပွဲအရှိန်နဲ့ ဆက်ပြီးတော့ ပြန့်ပွား လာနိုင် မယ့် သဘောရှိတယ်။ ကျနော်တို့က တပ်မတော်နဲ့ BGF ကိုပဲ တားဆီးတာမျိုးမဟုတ်ဘဲ DKBA ကိုလည်း အကာ အကွယ် ပေးတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေတဲ့ ကာလမှာ ဒီလိုမျိုး နှစ်ဦးနှစ်ဘက်က ရပ်တန့်ပေးဖို့ ဆိုတဲ့ ဟာမျိုးကို ကျနော်တို့က လိုလားတယ်ဆိုတဲ့ သဘောထားမျိုးဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
KNU သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုချုပ်ဆိုထားသော အဖွဲ့ဖြစ်ပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်နေချိန်တွင် အဆိုပါတိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကို လူထု၏ နားလည်မှု လွဲမှားမှုနှင့် ယုံကြည်မှုများကို ထိပါးလာနိုင်သည်ဟု ဆိုသည်။
KNU အနေဖြင့်လည်း ယင်းတိုက်ပွဲများကြောင့် ပြည်သူလူထုက နားလည်မှုလွဲမှားပြီး လူထု၏ အကျိုးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်စေမည့် ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
“ဒီတိုက်ပွဲတွေက မကူးစက်ဖို့ မလိုလားတဲ့ ပဋိပက္ခတွေမဖြစ်ဖို့ ဒါကို တားမြစ်တာပေါ့လေ။ အကယ်၍ ဆက်တိုက်၊ ဆက်တိုက် ဖြစ်မယ်ဆိုရင်လည်း ကျနော်တို့က နည်းအမျိုးမျိုးနဲ့ ဆွေးနွေးရမှာပေါ့” ဟု ပဒိုစောသောသီဘွဲ က ပြောသည်။
KNU အနေဖြင့် ယခု ထုတ်ပြန်ကြေညာချက် မထုတ်ပြန်မီ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့၍ မယ်သဝေါဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများရပ်စဲနိုင်ရေးအတွက် တောင်းဆိုကြောင်း၊ အကြောင်းပြန်စာ ပြန်မရသည့်နောက် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းစစ်ကြောင်းများနှင့် DKBA တို့အကြား စက်တင်ဘာလ ၁၃ ရက်နေ့ အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး တပတ်ခန့်အကြာ ဖြစ်ပွားနေသော ထိုတိုက်ပွဲများကြောင့် ဒေသခံလူထု ၃၀၀၀ ကျော် နေရပ် စွန့်ခွာပြီး မြိုင်ကြီးငူဒေသတွင်ခိုလှုံနေရကြောင်း သိရသည်။
DKBA က ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး နှင့် သက်ဆိုင်ရာ ဌာနများ ထံသို့ စာများပေးပို့၍ ကြိုးစားခဲ့ကြောင်း DKBA ၏ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့သော်လည်း ယင်းသို့ကြိုးစားစဉ် တိုက်ခိုက်မှုများ ခံနေရသဖြင့် ကော့ကရိတ်မြို့နယ် ကောင်းမှု ဒေသတွင် ဖြစ်ပွားနေသော ထိုးစစ်ဆင်နေမှုများကို စက်တင်ဘာ ၁ ရက်နေ့တွင် ရုတ်သိမ်းပေးဆုတ်ခွာပေးရန်နှင့် မရုတ်သိမ်းပါက DKBA အနေဖြင့် မိမိတို့ ထိန်းချုပ်ထားသော ဒေသများနှင့် လှုပ်ရှားနယ်မြေများတွင် တပြိုင်တည်း စစ်မျက်နှာဖွင့်သွားမည်ဟု သြဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။