နေပြည်တော်၊ တပ်ကုန်း- ပင်လောင်းကားလမ်းနံဘေး ကားပေါ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် ဗိုလ်မှူးဝေဖြိုးအောင်နှင့် ဇနီး ဒေါ်ခင်စန္ဒီကျော်၏ အမှုကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း တပ်ကုန်းမြို့နယ်ရဲတပ်ဖွဲ့ထံက သိရသည်။
စက်တင်ဘာ ၁၃ ရက်ညက တပ်ကုန်း- ပင်လောင်းကားလမ်းတွင် ရပ်နားထားသည့် Honda Civic အမျိုးအစား ကားပေါ်တွင် အမှတ် ၃ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲမှ အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူး ဝေဖြိုးအောင် ကို ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်။ ထို့နောက် ၎င်း၏ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဒေါက်တာ ခင်စန္ဒီကျော်ကိုလည်း စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် တပ်ကုန်း- ပင်လောင်းကားလမ်းပေါ်တွင်ပင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တပ်ကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက“ဘယ်သူက ဘယ်လိုသတ်တယ်ဆိုတာတွေက လူကြီးတွေစစ်တုန်း။ ဒီကိစ္စကို အထက်က လူကြီးတွေကလည်း စိတ်ဝင်စားနေကြတော့ အမှုဖြစ်ရာနေရာကို တောက်လျှောက်သွားပြီး စစ်ဆေးနေကြတယ်။ အခုကတော့ နှစ်ဖက် မိသားစုက အပြန်အလှန် အမှုဖွင့်ထားကြတာပဲ”ဟု ရှင်းပြသည်။
ဆက်လက်၍ သူက “ညဘက်မှာ ကြေးနန်းဝင်လာတာက ဗိုလ်မှူးကို သူ့ဇနီးက သတ်တယ်ဆိုပြီး တိုင်ချက် ရောက်လာတာ။ ဗိုလ်မှူးအလောင်းကို သူ့ကိုယ်ပိုင်ကားပေါ်မှာ တွေ့တယ်။ ဗိုလ်မှူးအမေက သူ့သားကို သူ့ချွေးမသတ်တယ်ဆိုပြီး တိုင်ချက်ဖွင့်တယ်။ အဲဒါနဲ့ ပျောက်နေတဲ့ သူ့ဇနီးကို ရှာတော့ အဲဒီကားလမ်းပေါ်မှာဘဲ။ ဗိုလ်မှူးသေနေတဲ့ ကားနဲ့ ၃ မိုင်လောက်ဝေးနေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဇနီးကို စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ထပ်တွေ့တယ်။ သူတို့လင်မယားရဲ့ ကလေးကိုကျတော့ ဗိုလ်မှူးသေနေတဲ့ ကားပေါ်မှာ အိပ်ပျော်လျက်သားတွေ့ရတာ”ဟု ဧရာဝတီသို့ပြောသည်။
သေဆုံးသူ ဗိုလ်မှူး ဝေဖြိုးအောင်၏ မိခင် က ချွေးမဖြစ်သည့် ဒေါက်တာ ခင်စန္ဒီကျော်ကို သူ၏ သားကို သတ်သည်ဟုဆိုကာ လူသတ်မှု ပုဒ် ၃၀၂ ဖြင့် အမှုဖွင့်ထားသလို သေဆုံးသူ ဒေါက်တာ ခင်စန္ဒီကျော်၏ အမ ဖြစ်သူကလည်း ဗိုလ်မှူး ဝေဖြိုးအောင်ကို သူ၏ ညီမကို သတ်သည်ဟုဆိုကာ လူသတ်မှုဖြင့် တပ်ကုန်းရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။