ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း တို့ဖြတ်သန်းရာ အမ်းမြို့နယ် အတွင်းမှ သိမ်းယူထားသည့် လယ်ယာမြေများကို စစ်ဆေးတိုင်းတာမှုများ ပြုလုပ်နေကြောင်း သိရသည်။
တရုတ် အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်း (CNPC)၊ မြန်မာ့ရေနှင့် သဘာဓာတ်ငွေ့ လုပ်ငန်း (MOGE ) မှ တာဝန်ရှိသူများ၊ ဒေသခံလယ်သမား ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ စသည်တို့ ပါ၀င်သော ကော်မတီတရပ်ကို ပြီးခဲ့ သည့် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကွင်းဆင်းစစ်ဆေး၍ သိမ်းဆည်းလယ်မြေများကို တိုင်းတာမှုပြု လုပ်နေပြီ ဟု ယင််းကော်မတီဝင်နှင့် အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင် က ဧရာဝတီ ကိုပြောသည်။
၎င်းက “အမ်းမြို့နယ်ထဲက အုပ်စု ၉ ထဲမှာ ရွာပေါင်း ၃၇ ရွာကို ပိုက်လိုင်းက တိုက်ရိုက်ဖြတ်သွားတာပါ၊ အခုတိုင်းတာက အမ်းတောင်အုပ်စု တခုပဲ ပြီးစီးသေးတယ်၊ ကျန်တဲ့ ၈ အုပ်စုကိုလည်း ဆက်တိုက် တိုင်းတာသွားမှာပါ”ဟုလည်း ဆိုသည်။
ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် အမ်းမြို့နယ်မှ ကျေးရွာအုပ်စု ၉ ခုကို ဖြတ်သန်းသွားသည့်အတွက် လယ်ယာ မြေ၊ ဥယျာဉ်ခြံမြေ စသည်ဖြင့် လယ်မြေဧက ထောင်ချီ၍ အသိမ်းခံထားရကြောင်း ဒေသခံများ က ပြောသည်။
ယခု စစ်ဆေး တိုင်းတာမှု ပြုလုပ်နေခြင်းသည် သိမ်းဆည်းခံ လယ်မြေများအတွက် လျော်ကြေးပြန်လည် ပေးအပ်ရန် ဟုတ် မဟုတ်ကိုမူ တိတိကျကျ မသိရှိရသေးပေ။
ရေနံနှင့်ဂက်စ် ပိုက်လိုင်းများ တည်ဆောက် ပြီးစီးသွားသည်မှာ ကြာပြီဖြစ်သော်လည်း အမ်းမြို့နယ်အတွင်းမှ သိမ်းယူထား သည့် လယ်သမားများ၏ ဆုံးရှုံးနစ်နာမှုများတွက် နစ်နာကြေး ပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် လယ်သမားများ၏ နစ်နာ ကြေးကို အမြန်ဆုံး ဖြေရှင်းပေးရန် ရခိုင်ပြည်နယ် အစိုးရထံ တောင်းဆိုထားသော်လည်း အစိုးရက တုံ့ပြန်မှု မရှိသေး ကြောင်း ဒေသခံများက ပြောသည်။
ဦးမျိုးလွင် က “ပြည်နယ် အစိုးရအနေနဲ့ ဖြေရှင်းပေးလို့ရတဲ့ ဟာတွေကို ဖြေရှင်းမပေးရင် ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မယ်လို့ ကျနော်တို့ စာတင်ထားပါတယ်၊ လောလောဆယ်တော့ သူတို့ဘက်က လာပြီး ကျနော်တို့နဲ့ ပူးပေါင်း ကွင်းဆင်း တိုင်းတာနေတဲ့ အတွက် ဘာလုပ်ပေးမယ်ဆိုတာကို စောင့်ကြည့်ရဦးမှာပါ”ဟု ပြောဆိုသည်။
အမ်းမြို့နယ်အတွင်းမှ သိမ်းဆည်း လယ်မြေများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ တခုကို စေလွှတ်ထားကြောင်း၊ ၎င်းတို့ထံမှ အစီရင်ခံစာ တင်သွင်းလာသည့် အချိန်မှသာ ပြည်နယ်အစိုးရ အနေဖြင့် မညသို့ ဆောင်ရွက်ပေးရမည် ဆိုသည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင် မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။
ဦးတင်မောင်ဆွေက “ကွင်းဆင်းတိုင်းတာက ဘယ်အချိန်ပြီးဆုံးမယ် ဆိုတာတော့ သေချာ မသိသေးပါဘူး”ဟုလည်း ဆို သည်။
ဥယာဉ်ခြံမြေနှင့် လယ်မြေတချို့ အသိမ်းခံထားရသူ အမ်းတောင်ဒေသခံ ဒေါ်တင်အေးက ၎င်း၏ သိမ်းဆည်းခံ ဥယျာဉ်ခြံ မြေ အတွက်ဟု ဆိုကာ ကျပ် ၂ သိန်း ရ သောင်း ကို MOGE တာဝန်ရှိသူများ က ၂၀၁၂ ခု နှစ်တွင် ပေးအပ် ခဲ့သော်လည်း ၎င်းအနေဖြင့် လက်မခံခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။
ဒေါ်တင်အေးက “ကျမရဲ့ ဥယျာဉ်ခြံက တဧကနီးပါး ရှိပါတယ်၊ သူတို့ပေးတဲ့ငွေက အရမ်းနည်းတဲ့အတွက် လက်မခံခဲ့ပါဘူး၊ ကိုယ့်ခြံရဲ့ တန်ရာတန်ကြေးကိုပဲ လိုချင်တာပါ၊ လက်ရှိ အစိုးရ လက်ထက်မှာတော့ တန်ရာတန်းကြေး လျော်ကြေး ပေး မယ် လို့ ယူဆပါတယ်”ဟုလည်း ပြောဆိုသည်။
အမ်းမြို့နယ်အတွင်းမှ သိမ်းယူထားသည့် လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများ အတွက် နစ်နာကြေးဟု ဆိုကာ တဧကလျှင် ကျပ် ၃ သိန်း ခန့်ကို MOGE မှ တာဝန်ရှိသူများက ၂၀၁၂ ခုနှစ်တွင် ပေးခဲ့သော်လည်း ဒေသခံအများစုက လက်ခံခြင်း မရှိကြကြောင်း သိရသည်။
၂၀၁၀ တွင် စတင် ခဲ့သည့် မြန်မာ-တရုတ် ရေနံနှင့်ဂက်စ် ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှ တရုတ် နိုင်ငံယူနန်ပြည်နယ်သို့ သွယ် တန်း ထားခြင်းဖြစ်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းသွားသည်။
ပိုက်လိုင်းဖြတ်သန်းရာကျေးရွာ၊ မြို့နယ် အများအပြား၌ သိမ်းဆည်းခံ လယ်မြေများအတွက် နစ်နာကြေးနှင့်ပတ်သက်၍ အငြင်းပွားမှု အများအပြားလည်း ရှိနေဆဲဖြစ်သည်။