အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန် သံအမတ်ကြီး မာစီရယ်အပါအဝင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနဲ့ အတူ ဝါရှင်တန်မြို့မှာ အထင်ကရတည်ရှိတဲ့ “လင်ကွန်းအမှတ်တရဗိမာန်”ကို သီးသန့် အလည်အပတ် သွားရောက် ခဲ့ပါတယ်။
သမ္မတ အေဘရာဟင် လင်ကွန်းဟာ အမေရိကန်ရဲ့ ၁၆ ယောက်မြောက် သမ္မတဖြစ်ပါတယ်၊ အမေရိကန်သမိုင်းမှာ ပထမဆုံးသမ္မတ ဂျော့ချ် ၀ါရှင်တန်ပြီးရင် အကြီးမြတ်ဆုံး အလေးစားခံထိုက်ဆုံးသော သမ္မတပါ။ အမေရိကန်နိုင်ငံ ကင်တပ် ကီပြည်နယ် ဟာဒင်းကောင်တီမှာ ၁၈၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၈၆၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ ၀ါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တဲ့ သမ္မတ လင်ကွန်းဟာ ကျွန်စနစ်ကို ဖျက်သိမ်းပေးသူ၊ ပြည်ထောင်စုနှစ်ခြမ်းကွဲမယ့် အရေးက ကယ်တင်ဦးဆောင်ခဲ့သူ ဆိုတဲ့ ဂုဏ်ဒြပ်တွေနဲ့ ထင်ရှားပါတယ်။ ဒါကြောင့်လည်း မြို့တော် ၀ါရှင်တန် ဒီစီမှာ လင်ကွန်းအမှတ်တရ ဗိမာန်ကို ၀ါရှင်တန် မြို့တော်မှာ တည်ဆောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
မြို့တော် ၀ါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံကြီးရဲ့ အနောက်ဘက် ပိုတိုမက်မြစ်ကမ်းအနီးမှာ လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိပါတယ်။ ဂရိ ဝတ်ကျောင်းပုံ အဆောက်အအုံအတွင်းမှာ အေဘရာဟင် လင်ကွန်းရဲ့ ကျောက်ဖြူရုပ်တုရှိပါတယ်။
လင်ကွန်းအမှတ်တရ ဗိမာန်ရဲ့ အတွင်းပိုင်းမှာ သမ္မတ အေဘရာဟင်လင်ကွန်းရဲ့ နာမည်ကျော် “ကျွနု်ပ်တို့၏ သူရဲကောင်းများ အချည်းနှီး မသေစေရန်နှင့် ပြည်သူတို့က ပြည်သူတို့အတွက် တင်မြှောက်ထားသော ပြည်သူ့ အစိုးရသည် ဤကမ္ဘာပေါ်မှ ပျောက်ကွယ်မသွားရန် ကျွနု်ပ်တို့ လေးနက်စွာ သန္နိဋ္ဌာန်ပြုပါသည်”ဆိုတဲ့ ၁၈၆၃ ခုနှစ် ဂက်တစ်စဘာဂ်မှာ ပြောခဲ့တဲ့ စကားများကို ရေးထိုးထွင်းထုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လင်ကွန်းအမှတ်တရ ဗိမာန်ရှေ့ လူ့အခွင့်အရေး လှုပ်ရှားမှုနဲ့ ပတ်သက်ရင် ထင်ရှားတဲ့ သင်္ကေတ တခုအဖြစ် ရည်ညွှန်းပြောဆိုရလေ့ ရှိတဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) ရဲ့ နာမည်ကျော် “I Have a Dream” မိန့်ခွန်းကို ရေးထိုးထားရာကိုလည်း သွားကြည့်ပါတယ်။
အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာ မာတင်လူသာကင်း ဂျူနီယာဟာ အမေရိကန် လူ့အခွင့်အရေးနဲ့ လူဖြူ-လူမည်း မခွဲခြားရေး အကြမ်းမဖက် လှုပ်ရှားမှု ကို ခေါင်းဆောင်ခဲ့ပါတယ်။
လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို စည်းကမ်းတကျ နှလုံးရည်တိုက်ပွဲနဲ့ ပိုမိုထိရောက်သော အဆင့် ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် မာတင်လူသာကင်းကို ယနေ့တိုင် လူ့အခွင့်အရေး သင်္ကေတတခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြပါတယ်။
၁၉၆၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခဲ့တဲ့ မာတင်လူသာကင်းဟာ ၁၉၆၈ ခုနှစ်မှာ တင်နက်စီပြည်နယ် မင်းဖစ်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၉၈၆ ခုနှစ်မှာ မာတင်လူသာကင်း နေ့လို့ သတ်မှတ်ပြီး တနိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါတယ်။