စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံရန် တိုက်တွန်းခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအပေါ် အချိန်ရှည်ကြာစွာ ပိတ်ပင်ထားသော စီးပွားရေး ကန့်သတ်မှုများကို ဖြေလျော့ရန် ကတိပေးခဲ့ပြီး နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
လူဦးရေ သန်း ၅၀ ကျော်နေထိုင်သော ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူများ၏ အသက်မွေးမှုများ တိုးတက်နိုင်ပြီး နောက်ထပ်အပြောင်းအလဲများလည်း ရရှိနိုင်သည်ကို ပြသရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံတွင် ပြောကြားခဲ့သည်။
“စီးပွားရေးအောင်မြင်မှုက ကျမတို့ နိုင်ငံကို လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတခုပါပဲ။ စစ်တပ်လည်း အပါအဝင်ပေါ့။ ဒီမိုကရေစီက ကျမတို့ ပြည်ထောင်စုအတွက် ရှေ့ဆက်ဖို့ အကောင်းဆုံးလမ်းပါပဲ။ စည်းလုံးမှုနဲ့ ကြွယ်ဝမှုကို ဆောင်ကျဉ်းနိုင်ဖို့ ဒါက ကျမတို့အတွက် အကောင်းဆုံးလမ်းပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီက ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်များနှင့် အစိုးရအရာရှိများ တက်ရောက်သော ညစာစားပွဲတွင် ပြောကြားခဲ့သည်။
“နိုင်ငံရေးအကူးအပြောင်းမှာ ကျမတို့ ပြည်သူတွေ လက်ခံ ကျေနပ်တဲ့ စီးပွားရေး ရည်မှန်းချက်တွေလည်း ရှိရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စစ်အာဏာရှင်လက်အောက် ကျရောက်ပြီး ဆယ်စုနှစ်များစွာပြီးနောက် ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့်နှစ် နို၀င်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကာ အာဏာလွဲပြောင်းရယူခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ပုဂ္ဂလိကကဏ္ဍအတွက် အဓိကထား ဆောင်ရွက်ခြင်း မရှိဘဲ ပြည့်စုံသော စီးပွားရေမူဝါဒတခု ဖော်ဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ဝေဖန်ခံနေရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ကူညီထောက်ပ့ံသော လှုပ်ရှားမှု တခုအနေဖြင့် မြန်မာနိုင်ငံပေါ် ကန့်သတ်ထားဆဲ ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့ခြင်းဖြင့် မြန်မာစစ်တပ်အပေါ် ထိန်းချုပ်ထားနိုင်မည့် အခွင့်အရေး ဆုံးရှုံးလိမ့်မည်ဟု ပြောသော လူ့အခွင့်အရေး အဖွဲ့အစည်းများက သမ္မတအိုဘားမား၏ ကြေငြာချက်ကို ချက်ချင်းဆိုသလို ပြစ်တင်ဝေဖန်ခဲ့သည်။
“အမေရိကန်အစိုးရဟာ ကျောက်စိမ်းလို အရေးပါတဲ့ လုပ်ငန်းတွေကို လျှို့ဝှက်ပြီး ချုပ်ကိုင်ထားတဲ့ စစ်တပ်ကုမ္ပဏီတွေ၊ မူးယစ်ရာဇာတွေ၊ ဗိုလ်ချုပ်ဟောင်းတွေအပေါ်မှာ ဖိအားသက်ရောက်စေတဲ့ အကောင်းဆုံး ရင်းမြစ်တခုကို ရုတ်သိမ်းတော့မှာ ဖြစ်တယ်” ဟု ယမန်နှစ်က မြန်မာ့ကျောက်စိမ်း ထုတ်လုပ်မှုတွင် မတရား အမြတ်ထုတ်နေကြသူများအကြောင်း စုံစမ်းဖော်ထုတ်ခဲ့သော Global Witness အဖွဲ့မှ Juman Kubba က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်အစိုးရသစ်အနေနဲ့ အဲဒီကဏ္ဍမှာ ပြုပြင်ပြောင်းလဲဖို့ စရုံပဲရှိသေးပြီး အလုပ် ပြီးဖို့က အဝေးကြီး ကျန်သေးတယ်။ မြန်မာရဲ့ အတိတ်စာမျက်နှာကို ပိတ်ဖြစ်ဖို့ အမေရိကန်က ရင်းနှီးမြှုပ်နှံနေပေမယ့် မြန်မာအစိုးရက ကျောက်စိမ်းလုပ်ငန်းကို အတိတ်က စွန့်ခွာဖို့ အညစ်ပတ်ဆုံး လူတွေကို မရှင်းလင်းသေးသ၍ ဒါက ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”ဟုလည်း Juman Kubba က ပြောသည်။
လူ့အခွင့်အရေး အဖွဲ့အစည်းများက စီးပွားရေးနှင့် နိုင်ငံရေးတွင် စစ်တပ်က ဆက်လက်သြဇာ ရှိနေဆဲ ဖြစ်၍ စိုးရိမ်ကြောင်း ပြောဆိုဖိအားပေးမှုများ ရှိနေပြီး အရေးယူ ပိတ်ဆို့မှု အပြောင်းအလဲပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ကွန်ဂရက်နှင့် အနီးကပ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန် လွှတ်တော်အမတ်များက တိုက်တွန်းနေသောကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေများ ဖျက်သိမ်းရေး ကွန်ဂရက် အောက်လွှတ်တော်တွင် အကြိတ်အနယ်ဖြစ်ရန် ရှိနေသည်။
အိမ်ဖြူတော်၏ ကြေညာချက်အရ ဒဏ်ခတ်ပိတ်ဆို့ ခံထားရသော လူနှင့် လုပ်ငန်း တရာကျော် အရေးယူထားခြင်းမှ လွတ်မြောက်ကြမည်ဖြစ်သည်။ စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့လိုက်သောအခါ အမေရိကန် စီးပွားရေး လုပ်ငန်းများမှာ ယခင်က ကန့်သတ်ခံထားရသော ကုမ္ပဏီများ လူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အရေးပါဆုံး စီးပွားရေးလုပ်ငန်းရှင်အချို့တို့နှင့် အတူ အလုပ်လုပ်နိုင်လိမ့်မည် ဖြစ်သည်။
“အဲဒါက စီးပွားရေးအတွက်လည်း စွန့်စားမှု တခုဖြစ်သလို နိုင်ငံရေးအတွက်လည်း စွန့်စားမှု တခုပါပဲ။ ဘာလို့လည်းဆိုတော့ ကျမတို့နိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့ပေးဖို့ အချိန်မကျသေးဘူးလို့ ယူဆသူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ ထင်ပါတယ်။ အခုချိန်က မြန်မာပြည်သူတွေက ကိုယ့်အားကိုယ်ကိုးပြီးတော့ ကျမတို့ မိတ်ဆွေနိုင်ငံတွေရဲ့ အကူအညီနဲ့ ရှေ့ဆက်သွားဖို့ အချိန်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ ညစာစားပွဲတွင် ပြောကြားခဲ့သည်။