လမ်းဘေးဈေးသည်များ စနစ်တကျဈေးရောင်းနိုင်ရေးအတွက် စီမံချက်ရေးဆွဲနေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်က ပြောသည်။
ဒေါ်သန်းမြင့်အောင်က “သူတို့အတွက် နေရာသတ်မှတ်ပေးမယ်။ ပြီးတော့ သူ့ရောင်းကုန်နဲ့ သူနဲ့ကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးမယ်။ နေရာသတ်မှတ်ပေးမယ်။ ရောင်းရမယ့်နေရာ၊ ရောင်းရမယ့်အချိန်သတ်မှတ်ပေးမယ်။ အဲဒီတော့ သူတို့ ရောင်းတဲ့နေရာမှာ ရေရှိအောင်၊ မီးရှိအောင် စီစဉ်ပေးမယ်။ နောက်ပြီး သူတို့ရောင်းတဲ့နယ်မြေနဲ့မဝေးတဲ့ ဒီနယ်မြေအတွင်း မှာပဲ လုပ်ပေးမယ်။ အဲဒီစီမံချက်တွေရေးနေတယ်” ဟု ဧရာဝတီကို ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှုပြဿနာလျော့ကျစေရန်နှင့် လမ်းသွားလမ်းလာပြည်သူများအဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုလောလောဆယ်တွင် လမ်းဘေးဈေးသည်များအတွက် နေရာ၊ အချိန်သတ်မှတ်ချက်များကို အသေးစိတ်မပြော နိုင်သေးသော်လည်း စီမံချက်ရေးဆွဲအတည်ပြုပြီးပါက ချက်ချင်းသတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“လမ်းသွားလမ်းလာတွေအခက်အခဲဖြစ်တယ်။ အဲဒီတော့ လမ်းသွားလမ်းလာက ပလက်ဖောင်းပေါ်ကနေပြီးတော့မှ ကား လမ်းပေါ်ဆင်းသွားရတယ်။ အဲဒီအခါကျရင် မော်တော်ကားလမ်းဟာလည်း ကားတွေ၊ ဆိုက်ကားတွေသွားကြလာကြ မော် တော်ကားရပ်ရတာတို့ ဆိုတဲ့အခါကျတော့ ယာဉ်မတော်မဆထိခိုက်မှုတွေ၊ အသွားအလာနှောင့်နှေးမှုတွေ၊ တယောက်နဲ့ တယောက်ထိခိုက်လို့ ပြဿနာနည်းနည်းဖြစ်တာတွေ၊ ဒါတွေကို စနစ်ကျဖို့အတွက်ပဲ” ဟု ဒေါ်သန်းမြင့်အောင်က ဆို သည်။
ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က ရန်ကုန်မြို့အတွင်းရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ စသည့်မြို့နယ် ၄ မြို့နယ်အတွင်း လူသွားစင်္ကြန်ပေါ် ဈေးရောင်းချခြင်းမပြုရန် သတိပေးကြေညာချက်များထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ မှ စတင်ကာ လမ်းဘေးဈေးသည်များကို ဖယ်ရှားလျက်ရှိရာ လမ်းဘေးဈေးသည်များအတွက် အဆင်မပြေမှုများရှိကြောင်း ဈေးရောင်းချသူများက ပြောဆိုကြသည်။
ယင်းသို့ဖယ်ရှားရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များအပါအဝင်၊ မြို့နယ်စည်ပင်သာယာရေး ကော် မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်တချို့ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်၌ “ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းနှင့်လူသွားစင်္ကြန်များသည် အများပြည်သူဆိုင်ရာနေရာများ ဖြစ်သဖြင့် မည်သူကိုမျှ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ပေးမထားပါသောကြောင့် မည်သည့်ကြောင်းပြချက်မျိုးဖြင့် ငှားရမ်းခွင့်၊ ရောင်းချခွင့်မရှိ ကြောင်း အသိပေးကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။
လမ်းဘေးဈေးသည်များအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်မြို့နယ်များအတွင်း နေအိမ်များရှေ့၌ လမ်းမ ပေါ်ကျူးကျော်ကာဆောက်လုပ်ထားသည့်ဈေးဆိုင်များ၊ မြေညီထပ်တိုက်ခန်းများ၏ မျက်နှာစာရှေ့တွင် ကျူးကျော်ထား သော အမိုးအဖီများ၊ ကားဂိုဒေါင်များဆောက်လုပ်ထားခြင်းကို သက်ဆိုင်ရာမြို့နယ်စည်ပင်ယာအုပ်ချုပ်ရေးမှူးများမှ ဥပဒေနှင့်အညီ ပြန်လည်ဖျက်သိမ်းလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
တာမွေမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က “ကျနော့်အနေနဲ့ပြောရရင် ဥပဒေနဲ့အညီလုပ်တဲ့ အတွက် ဒါမှန်တယ်။ အရင်ကတည်းကဖြစ်စေချင်တဲ့ဆန္ဒတွေ။ တခုပဲစိုးရိမ်တာက အကုန်လုံးကို မျှမျှတတနဲ့မှန်မှန်ကန် ကန်လုပ်နိုင်ဖို့တော့လိုတယ်။ နစ်နာသူတွေကတော့ လာတိုင်တာရှိတယ်။ ဒါပေမယ့် ဥပဒေနဲ့မညီတာတော့ ကျနော်တို့ လည်း ကာကွယ်ပေးလို့မရဘူး” ဟု မှတ်ချက်ပြုသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အခန်း(၄) ကော်မတီ၏လုပ်ပိုင်ခွင့်များတွင် အပိုဒ်(၁၃)၊ (ဇ) ၌ “မြို့တော်နယ်နမိတ်အတွင်းရှိ သတ်မှတ်ထားသော လမ်းနယ်နမိတ်အတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်ဆောက်လုပ်ခြင်းမရှိစရေန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း” ဟူ၍ ပြဋ္ဌာန်းထားသည်။