အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းကာ ကုန်သွယ်မှုအထူးအခွင့်အရေး (Generalized System of Preferences – GSP)ကို ပြန်လည်ခွင့်ပြုမည်ဆိုသော သတင်းများပေါ်ထွက်ပြီးနောက် အိမ်ခြံမြေနှင့် ဒေါ်လာစျေးကွက် များတွင် စျေးကွက်လှုပ်ရှားမှုများ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုမှ ဒုဥက္ကဋ္ဌ ဦးသန်းဦးက “ ဇွန်၊ ဇူလိုင်၊ သြဂုတ်လမှာ ရွှေစျေးတက်တော့ ရွှေထုတ်ရောင်းလိုက်တဲ့ ငွေသားတွေ အိမ်ခြံမြေကို ၀င်လာတယ်။ ရန်ကုန်မြို့ရဲ့အနားသပ် မြေကွက်တင်မဟုတ်ဘူး မြို့တွင်းမှာရှိတဲ့ တန်ဖိုးကြီး သိန်း ၅ ထောင်၊ သိန်း ၁ သောင်းဝန်းကျင် မြေကွက်တွေပါ အရောင်းအဝယ် ဖြစ်လာတယ်။ ရွှေစျေးအတက်က အိမ်ခြံမြေကို လှုပ်နှိုးသလိုဖြစ်ခဲ့ချိန်မှာ အခု ဆန်ရှင်က ၀ုန်းခနဲဖြစ်လာတာဆိုတော့ အားကောင်းသလို ဖြစ်သွားတယ်”ဟု ပြောသည်။
အိမ်ခြံမြေကဏ္ဍသည် ၂၀၁၁- ၂၀၁၂ ခုနှစ်များကဲ့သို့ ရုတ်တရက်မြင့်မားသည့်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် ပုံစံမျိုး မဟုတ်ဘဲ တနိုင်ငံလုံး အနေအထားဖြင့် စျေးနှုန်းတည်ငြိမ်စွာလှုပ်မည့်အနေအထားတွင်သာ ရှိနေမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“တပြေးညီ တနိုင်ငံလုံး အနေအထားနဲ့ တန်ဖိုးမျှပြီး လှုပ်မယ်။ အားကောင်းစွာ လှုပ်လာရင် စျေးနှုန်းနည်းနည်း ကစားလာ မယ်။ ၂၀၁၁- ၁၂ တုန်းက ရှိခဲ့တဲ့ အမြင့်စျေးကိုတော့ ပြန်ရောက်မှာ မဟုတ်ဘူး။ လက်ရှိ ဖြစ်စဉ်အရ ကျဖို့ တာစူနေတဲ့ အိမ်ခြံမြေစျေးကွက်ကို ရပ်သွားမယ်။
ဆန်ရှင်ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဘယ်လောက် အားကောင်းကောင်း ၀င်လာမလဲ ကြည့်ပြီး စျေးနှုန်းက တဖြေးဖြေး မြင့်လာနိုင်တယ်။ အခုချိန်မှာ နိုင်ငံတော် အစိုးရကလည်း အိမ်ယာမူဝါဒတွေ ဖော်ဆောင် ပြီးဖြစ်တဲ့အတွက် တဘက်မှာ မူဝါဒတွေနဲ့ ထိန်းသွားမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ငွေကြေးစျေးကွက်၌လည်း စက်တင်ဘာ ၁၆ရက်နေ့ကစတင်ကာ အမေရိကန်ဒေါ်လာစျေးကို ဗဟိုဘဏ်က တဒေါ်လာ ၁၂၂၃ ကျပ်သတ်မှတ်ပြီး၊ ပြင်ပတွင် တဒေါ်လာ ၁၂၄၅ ကျပ်ဖြစ်ခဲ့သည်။
ယနေ့တွင် ဗဟိုဘဏ်က တဒေါ်လာလျှင် ကျပ် ၁၂၃၀ သို့မြင့်တက်သတ်မှတ်ခဲ့ပြီး ပြင်ပငွေစျေးကွက်၌ စျေးဖွင့်ချိန်တွင် တဒေါ်လာ ၁၂၄၄ ကျပ်ဖြင့် အရောင်းဖြစ်နေကြောင်း သိရသည်။
ပြင်ပငွေကြေးစျေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက “ ပြီးခဲ့တဲ့ သောကြာနေ့က စျေးကွက်တအားလှုပ်သွားတယ်။ စနေ့အထိပေါ့။ အခု အမေရိကန်ရဲ့ ဆန်ရှင် ရုပ်မယ်တို့ ကုန်သွယ်ခွန်ခံစားခွင့်ပေးမယ်တို့ကြားတယ်။ ဒီဟာရဲ့ သက် ရောက်မှုကတော့ လာလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှု အမှန်တကယ် ၀င်လာရင်တော့ မြန်မာငွေကို ပြန်လဲရမှာ ဖြစ်တဲ့အတွက် ဒေါ်လာသန်းနဲ့ချီ ၀င်လာရင် နောက်ပိုင်းမှာ ဒေါ်လာစျေးတွေက ကျသွားဖို့ပဲ ရှိတယ်”ဟု ပြောသည်။
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းမည်၊ ကုန်သွယ်ခွန်ခံစားခွင့်ပေးမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံ မြေနှင့် ဒေါ်လာစျေးကွက်များမှာ လှုပ်ရှားခဲ့သော်လည်း ရွှေစျေးများမြင့်တက်နေခြင်းမှာ ကမ္ဘာ့ရွှေစျေး ဆက်တိုက်မြင့် တက်နေခြင်းကြောင့်သာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထုံရွှေပန်းထိမ်ဆိုင်ပို်င်ရှင် ဦးကျော်ဝင်းက “ အခု ရွှေစျေးတက် နေတာက ဆန်ရှင်ကိစ္စသတင်းတွေကြောင့် မဆိုင်ဘူး။ စက်တင်ဘာလဆန်းကနေ အခုထိကို ကမ္ဘာရွှေစျေးက တက်နေ တာ။ ဒေါ်လာစျေးကလည်း ဆက်တိုက်တက်နေတော့ ပြည်တွင်းရွှေစျေးပါ လိုက်တက်နေတာပါ” ဟုပြောသည်။
စက်တင်ဘာ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ကမ္ဘာရွှေစျေးသည် တအောင်စလျှင် ၁၃၁၄ ဒေါ်လာရှိပြီး၊ ပြည်တွင်း အခေါက် ရွှေစျေးမှာ တကျပ်သားလျှင် ၈၆၈၃၀၀ ကျပ်ရှိကြောင်း၊ အရောင်းအဝယ်မှာလည်း ပုံမှန်အခြေအနေသာရှိ ကြောင်းသိရသည်။
ထိုပြင် စတော့စျေးကွက် အခြေအနေမှာလည်း စတော့အိတ်ချိန်း၌ စာရင်းဝင်ထားသည့် ကုမ္ပဏီအရေအတွက်မှာ ၃ ခုသာရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သူများက ရွေးချယ်ရန်နည်းပါးသဖြင့် စိတ်ဝင်စားမှုလျှော့နည်းနေကြောင်း၊ စတော့စျေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေသည့်အတွက် ဒေါ်လာနှင့် အိမ်ခြံမြေ စျေးကွက်သည် ဦးမော့လာသည့် အနေအထားဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။