သတင်း

မြစ်ဆုံ စီမံကိန်းများ ရပ်ဆိုင်းရန် ကော်မရှင်ကို ကချင် လူထု တောင်းဆို

ဧရာဝတီ မြစ်ဆုံ-မြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်နှင့် ရပ်မိရပ်ဖ၊ အဖွဲ့ အစည်းများ ကချင်ပြည်နယ် မြစ်ကြီးနား မြို့တော်ခန်းမတွင် ယမန်နေ့က တွေ့ဆုံစဉ် လူထုဘက်က မြစ်ဆုံ စီမံကိန်းကို လုံးဝ ကန့်ကွက်ကြောင်း တင်ပြ တောင်းဆိုခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကချင် အဖွဲ့စည်း ၁၇ ဖွဲ့၊ ပြည်သူ ၆၅၀ ခန့် တက်ရောက်ခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင် တင်ပြသူများဘက်မှ ဘုံ ရပ်တည် ချက် တခု အနေနှင့် မြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်ဆိုင်းရန် တူညီစွာ ကန့်ကွက်ခဲ့ကြောင်း ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ရက် (KDNG) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးစာဂျီက ပြောသည်။

“အခုအစိုးရက ပြည်သူ ရွေးချယ်တဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေ လက်မခံတဲ့ ရေကာတာကို တည်ဆောက်မယ် ဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှု လုံးဝ လျော့ကျနိုင်တယ်လို့ တင်ပြခဲ့ကြတယ်။ အဖွဲ့တဖွဲ့ကလွဲပြီး အားလုံးက တည်ဆောက်မှု ကို ကန့်ကွက်ကြတယ်”ဟု ဦးစာဂျီက ဆိုသည်။

လူထုတွေ့ဆုံပွဲတွင် လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုယ်စားလှယ်တဦးက အကောင်းဆုံး တည်ဆောက်နိုင်လျှင် လက်ခံမည်ဟု ပြောကြားခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် ထင်သလောက် တင်ပြခွင့် မရခဲ့ သလို ဒေသခံများဘက်ကလဲ ထင်သလောက် တင်ပြခွင့် မရခဲ့သည့်အတွက် ကျေနပ်မှု သိပ်မရှိကြကြောင်းလည်း ဦးစာဂျီ ပြောကြားသည်။

မြစ်ဆုံ စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် သင့်၊ မသင့်နှင့် ပတ်သက်ပြီး အစီရင်ခံစာ ရေးသားရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာ ကွင်းဆင်းလေ့လာနေသည့် ကော်မရှင်အဖွဲ့နှင့် လူထုတွေ့ဆုံ ပွဲ ကို ကချင် ပြည်နယ်၊ မြစ်ကြီးနား မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် ထိုအစီရင်ခံစာကို ကော်မရှင်အနေနှင့် လာမည့် နို၀င်ဘာလ ၁၁ ရက်တွင် နိုင်ငံတော် သမ္မတထံ တင်ပြရမည် ဖြစ်သည်။

ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ်အတွင်းရှိ မေခမြစ်နှင့် မလိခမြစ် ပေါင်းစုံရာနေရာတွင် မြစ်ဆုံစီမံကိန်း တည်ဆောက် ရန် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) နှင့် အမှတ် ၁ လျှပ်စစ် ၀န်ကြီးဌာနတို့က ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် လုပ်ငန်းဆောင်ရွက်မှုများကို စတင်ခဲ့သည်။

သို့သော် ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်း တည်ဆောက်နေမှု အခြေအနေများကို ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ကြသည့်အတွက် ယာယီရပ်နားခဲ့သည်။

ကော်မရှင်အနေနှင့် အစီရင်ခံစာတွင် စီမံကိန်းများ ဆောင်ရွက်မှုကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊ စီမံကိန်း ဆက်လက် ဆောင်ရွက်သင့်၊ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေများ၊ ဒေသခံပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ ခံစားချက်များနှင့် သဘောထားအမြင်များ စသည့်အချက်များကို ဘက်စုံ၊ ထောင့်စုံမှ လေ့လာသုံးသပ်ပြီး အစီရင်ခံစာ တစောင် တင်ပြသွားမည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ထားသည်။

၄ ရက်ကြာမြင့်ခဲ့သည့် ယခုခရီးစဉ်အတွင်း ကော်မရှင်အနေနှင့် ကချင်ပြည်နယ်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တွေ့ဆုံ ခြင်း၊ မြစ်ဆုံ စီမံကိန်းသို့ သွားရောက်လေ့လာခြင်း၊ ရေအားလျှပ်စစ် စီမံကိန်း ရှိသည့် ချီဖွေဒေသသို့ ရဟတ်ယာဉ် ဖြင့် သွားရောက် လေ့လာခြင်း အပါအဝင် စီမံကိန်းအနီးရှိ ဒေသခံများကို ပြောင်းရွှေ့ထားသည့် အောင်မြင်သာ၊ တန်ဖရဲ ကျေးရွာများရှိ စာသင်ကျောင်းများသို့လည်း သွားရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က နိုင်ငံတော် သမ္မတ အမိန့်နှင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ အနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၆ ဦး၊ ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

Loading