ပြည်သူလူထု၏ သဘောထားဆန္ဒအရ ဧည့်စာရင်း တိုင်ကြားမှုကို ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ က ယနေ့ ဆုံးဖြတ် လိုက်သဖြင့် ပြည်သူများအနေဖြင့် ဧည့်စာရင်း တိုင်ကြားရန် မလိုတော့ကြောင်း ပြည်ကြီးတံခွန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ဧရာဝတီသို့ ပြောသည်။
“ဧည့်စာရင်း တိုင်ကြားရမယ်။ ဒဏ်ငွေ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်ဆိုတဲ့ အချက်တွေကို ဖြုတ်လိုက်ပါတယ်။ ဖြုတ်ပြီးတော့ ဧည့်စာရင်း လို မဟုတ်ဘဲနဲ့ တလကျော် နေထိုင်ပါက အုပ်ချုပ်ရေးမှူးထံမှာ အသိပေး အကြောင်းကြားရမယ်ဆိုတဲ့ စကား လုံး ကိုတော့ ထည့်ထားတယ်။ ဧည့်စာရင်းကို လုံးဝ ဖြုတ်လိုက်ပြီ”ဟု ဥပဒေကြမ်း ကော်မတီဝင်လည်း ဖြစ်သူ ဦးကျော်စိုးလင်း က ပြောပြသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ “ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း”ကို ဆွေးနွေးရာတွင် ဧည့်စာရင်း ဆက်ရှိရန် သင့်/မသင့် ဆွေးနွေးကြပြီးနောက် ဧည့်စာရင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား လွှတ်တော်က ဧည့်စာရင်းဖြုတ်ရန် မူလကပင် သဘောထားမှတ်ချက် ပြုခဲ့သော်လည်း ယနေ့တွင် ဧည့်စာရင်း ဆက်လက် ထားရှိသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက အကြံပြုခဲ့သေးသည်။
သို့သော် နေရာတခုတွင် တလကျော် နေထိုင်မည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ သတင်းပို့ရမည်ဆိုသည့် အချက် တခုကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင် ဆက် လက် ထည့်သွင်းထားကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားဘဲ နေပါကလည်း မည်သည့် ပြစ်မှု၊ ပြစ်ဒဏ်မျှ ခံရမည် မဟုတ်ကြောင်း ဥပဒေကြမ်း ကော်မတီက ပြောသည်။
“ဒါကလည်း နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ချုပ်ချယ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုင်ရာ အခွင့် အလမ်း တွေမှာ ပြည်သူတွေ မဆုံးရှုံးရအောင် တလကျော် နေထိုင်ရင် အကြောင်းကြားခိုင်းတာပါ။ လူမှုစီးပွား အညွှန်းကိန်း တွေ ကောက်ယူတဲ့ အခါမှာလည်း အချက်အလက် ခိုင်ခိုင်မာမာရမှ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်လို့ ရမှာပါ”ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးလွင်ကိုလတ်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ပြစ်မှုတခုခုနှင့် ပတ်သက်၍ အထောက်အထား ခိုင်ခိုင်မာမာဖြင့် အိမ်သို့ ၀င်ရောက် ရှာဖွေလိုသည့်အခါ အစုအဖွဲ့ အလိုက် ၀င်ရောက်ရှာဖွေရမည် ဖြစ်ကြောင်း သိရသည်။
“ဖားကန့်လို မိုးကုတ်တို့လို နေရာမျိုးတွေမှာက အိမ်ရှင်ထက် ဧည့်သည်က ပိုပြီးတော့ များပြားတဲ့နေရာတွေ ရှိတယ်။ သူတို့ တွေကို အစိုးရကနေ ထောက်ပံ့ပေးဖို့ ကူညီပေးဖို့ စဉ်းစားတဲ့အခါ တခုခုလုပ်ချင်ပြီဆိုရင် စာရင်းဇယားရှိဖို့တော့ ကျနော်တို့ လိုတယ်။ စာရင်းဇယား ရဖို့အတွက် ဘယ်လိုနည်းနဲ့ သွားမလဲဆိုတာကို စဉ်းစားတဲ့အခါမှာ အသိပေး အကြောင်းကြားဖို့ပဲ ရှိ တယ်”ဟု ဥပဒေကြမ်း ကော်မတီဝင် ဦးကျော်စိုးလင်းက ပြောသည်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် Fortify Rights အဖွဲ့၏ ၂၀၁၆ ခုနှစ် မတ်လအတွင်း ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာတွင် မိမိတို့ နေအိမ်၌ ညအိပ်ညနေ တည်းခိုမည့်သူများကို လက်ခံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ် ရေး အာဏာပိုင်များထံတွင် ဧည့်စာရင်းတိုင်ကြားရန် လိုအပ်ခြင်းနှင့် ညဥ့်နက်သန်းခေါင် အိမ်ထောင်စု စစ်ဆေး ခံရခြင်းများသည် လူတဦးချင်းစီ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နှင့် လွတ်လပ်စွာ စုဝေး တွေ့ဆုံ ခွင့် စသည့် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်ခံနေရခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦးဖြစ်သူ သွေး(စစ်ကိုင်း)ကလည်း ပြည်သူ့ အစိုးရတရပ် အနေဖြင့် ပြည်သူ့ဆန္ဒကို လေးစား လိုက်နာသောအားဖြင့် ဧည့်စာရင်း တိုင်ရမည်ဆိုသည့် အချက်ကို ပယ်ဖျက်ပေးလိုက်သည့်အပေါ် ပြည်သူ တယောက်အနေနှင့် ၀မ်းသာသည်ဟု ဧရာဝတီသို့ ပြောသည်။
“အရင်က ဧည့်စာရင်းကို လိုရင်တမျိုး မလိုရင်တမျိုး လုပ်ခဲ့တယ်။ ဒီဧည့်စာရင်း ရှိလို့လည်း တိုင်းပြည်က ထူးပြီး မလုံခြံု သွားဘူး။ ပြည်သူ တဦးရဲ့ အခွင့်အရေးကိုလည်း မလေးစားရာရောက်တယ်။ တနိုင်ငံလုံးက ပြည်သူတွေကို ဧည့်စာရင်း အကြောင်းပြပြီး သံသယ မျက်လုံး တွေနဲ့ စောင့်ကြည့်ခံခဲ့ရတာ”ဟု သွေး(စစ်ကိုင်း)က ပြောသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ပုဒ်မ ၁၃ (ဆ) တွင် ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက အုပ်ချုပ်ရေးမှူးသည် ယင်း ပျက်ကွက်သူကို အရေးယူနိုင်သည့် အခွင့်အာဏာ ရှိကြောင်း၊ ပုဒ်မ ၁၃ (န) တွင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြံုရေးအရ လိုအပ်လျှင် အုပ်ချုပ်ရေးမှူးနှင့် အသင်းအဖွဲ့များသည် မည်သည့်နေရာမဆို ဝင်ရောက် စစ်ဆေးနိုင်သည့် အခွင့်အာဏာ ရှိနေခြင်းသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် လုံးဝ ဆန့်ကျင်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆိုသည်။
မြောက်ဒဂုံမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက“ဧည့်စာရင်းက လုံခြံုရေးဘက်က စဉ်းစားရင် ရှိသင့်တဲ့ကိစ္စပါ။ ရပ်ကွက်ထဲကို လူစိမ်းတယောက် ၀င်လာရင် ဧည့်စာရင်းနဲ့ စောင့်ကြည့်ရတာ။ အခု ပုံစံဆိုရင်တော့ လုပ်ရကိုင်ရတာ နည်းနည်း အခက် တွေ့နိုင်တယ်ဟု ဧရာဝတီသို့ ပြောသည်။