မြန်မာ- တရုတ်နယ်စပ်ဖြစ်သည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဌာနေပြည်သူ့စစ်တပ်ဖွဲ့က တရားမဝင် သစ်ခိုးထုတ်နေမှုများအပေါ် စစ်ဆေးအရေးယူမှုများပြုလုပ်ပေးရန် ကချင်ပြည်နယ် မဲ ဆန္ဒနယ်-၁ ကိုယ်စားလှယ် ဦးဂျေယောဂူ က ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် တရုတ်ကုမ္ပဏီများနှင့်ပူးပေါင်းကာ သစ်ခိုးထုတ်မှုများကို ခေါင်လန်ဖူးမြို့နယ် အရှေ့ဘက်ခြမ်း နယ်စပ်ကျောက်တိုင်အမှတ် ၃၀၊ ၃၁၊ ၃၅၊ ၄၁ များတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ပိုမိုပြုလုပ် လာကြောင်း ဦးဂျေယောဂူ က ပြောသည်။
သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက “ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ညှိနှိုင်းချက်အရ တပ်မတော်က လုံခြုံရေး တာဝန်ယူပြီး ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးရေးစီမံချက် ရေးဆွဲပြီးဖြစ်ပါတယ်” ဟု လွှတ်တော်တွင်ပြောသည်။
၎င်းဒေသများမှာ ဌာနေပြည်သူစစ်တပ်ဖွဲ့များ လှုပ်ရှားပြီး လုံခြုံရေးနှှင့် တရားဥပဒေစိုးမိုးရေး အကန့်အသတ် ရှိသည့် နယ်မြေဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ဝေးလံသည့်နေရာ ဖြစ်သည့်အတွက် ပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးအပြည့်အဝ ဆောင်ရွက်မှ ရှာဖွေဖမ်းဆီးနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
၂၀၁၆- ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ သြဂုတ်လကုန်အထိ ကချင်ပြည်နယ် အတွင်း တရားမဝင်သစ် ၁၉၃၉ ဒသမ ၈၆၁၃ တန်နှင့် တရားခံ ၁၁၇ ဦး၊ ယာဉ်နှင့်ယန္တရား ၁၀၄ စီးကို ဖမ်းဆီးရမိခဲ့သည်။ ပြီးခဲ့သည့် ၅ နှစ်အတွင်း ကချင်ပြည်နယ်တွင် တရားမဝင် သစ်တန်ချိန်စုစုပေါင်း ၂၆၂၃၃ ဒသမ၂၃၇၂ တန်နှင့် တရားခံ ၈၆၁ ဦးနှင့် နိုင်ငံခြားသား တရားခံ ၁၇၆ ဦး၊ ယာဉ်နှင့် ယန္တရား ၁၅၉၈ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သစ်ခိုးထုတ်သည့် ယာဉ်များမှာ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကာ အဆိုပါဒေသများမှာ နိုင်ငံတော်မှ တရားဝင်နယ်စပ်ဂိတ်များ ဖွင့်လှစ်ထားခြင်း မရှိသည့်အတွက် ယာဉ်အဝင်အထွက်စစ်ဆေးခြင်းနှင့် အခွန် ကောက်ခံခြင်းများလည်း မရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။