သတင်း

မယ်သဝေါတိုက်ပွဲ စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ကြောင်း တပ်မတော် ပြောကြား

ကရင်ပြည်နယ် အတွင်း ဖြစ်ပွား နေသည့် တိုက်ပွဲများ ပြန်လည် ငြိမ်သွားသည့်အတွက်  မြိုင်ကြီးငူ ဘုန်းကြီးကျောင်း ရှိ စစ်ဘေးရှောင် ဒုက္ခသည် များ နေရပ်ပြန်နိုင်ကြောင်း  တပ်မတော် ပြောကြားလာကြောင်း သိရသည်။

“ကျနော်တို့ ကို  တပ်မ ၂၂ နဲ့ ၄၄ က တပ်မမှူး၊ ဗျူဟာမှူးတွေက အဲဒီဘက် တိမ်းရှောင်လာတဲ့ ကျေးရွာ တွေ သူတို့ နေရပ် ကို ပြောင်းရွှေ့နေထိုင်မယ်ဆိုရင် စစ်တပ်က ကူပြီး  ပြန်ပို့ပေးမယ်လို့ပြောထားပါတယ်။ နေရပ်ပြန်ဖို့၊ မပြန်ဖို့ကတော့  ပြည်သူဆန္ဒပါ။ သူတို့ ဆက်နေမယ်ဆိုရင်လည်း ကျနော်တို့က သူတို့ အရေး ကိစ္စတွေကို ဆက်လက် ဆောင်ရွက်ပေးသွားမှာပါ” ဟု စစ်ဘေးရှောင် ဒုက္ခသည် စခန်း ကွပ်ကဲရေး အဖွဲ့ခေါင်းဆောင် ကိုနေလင်းထက် က ဧရာဝတီသို့ပြောသည်။

လက်ရှိတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ငြိမ်နေပြီး၊ စစ်ဘေးရှောင် ဒုက္ခသည်များ မိမိနေရပ် ကို အမြန်ပြန်လည်နေထိုင်နိုင်ရန် အတွက် ကျေးရွာ ပတ်ဝန်းကျင် များကို မိုင်းများ ရှင်းလင်းပြီးကြောင်း နှင့် မကြာမီ စစ်ဘေးရှောင်များ နေရပ် ပြန်နိုင်မည် ဟု ဗိုလ်မှူး နိုင်မောင်ဇော် က ဆိုသည်။

စစ်ဘေးရှောင် ဒုက္ခသည်များကို အေးလင်းသာယာ ကျောက်စာကွင်း နှင့် မြပန်းဝတ်မှုံ ခန်းမ ဆောင် တွင် ခွဲပြီး ထားရကြောင်းသိရသည်။

“ တချို့ကျေးရွာတွေ ပြန်လို့ရပါပြီ။ ပြန်လည်းပြန်နေကြပါပြီ။ မိုင်းရှင်းတာကတော့ ကျံုထော် တဝှိက်မှာပါ။ ဒါလည်း ဒေသခံတွေ တောင်းဆိုချက်ကြောင့် ကျနော်တို့ ရှင်းပြီးသလောက် ဖြစ်နေပါပြီ။ ကျနော်အနေနဲ့ကတော့ ပြန်စေချင်တယ်။ ရွာတွေ ပျက်စီးသွားမှာ ဆိုးတယ်” ဟု ကရင်နယ်ခြားစောင့်တပ် စစ်ဆင်ရေးမှူး ခေါင်းဆောင် ဗိုလ်မှူး နိိုင်မောင်ဇော် က ဧရာဝတီသို့ပြောသည်။

မြိုင်ကြီးငူ ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အချိန်တို အတွင်း စားနပ်ရိက္ခာ လုံလောက်မှု ရှိကြောင်း၊ စစ်ရှောင်နေသူများ၏ ကျန်းမာရေးကို မြို့နယ် သူနာပြုများ ဆရာမများက လာရောက်ကြည့်ရှု့ပေးကြောင်း၊ စစ်ရှောင် ကလေးငယ်များ ပညာရေး မပြတ်အောင်လည်း စခန်း များတွင် ကျောင်းများ ဖွင့်လှစ်ထားကြောင်း ကိုနေလင်းထက် က ဆိုသည်။

လက်ရှိ စစ်ဘေးရှောင် စခန်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃၆ ဦးရှိပြီး ၁၂ နှှစ် အောက် ကလေးငယ် ၁၅၀၃ ဦး ရှိသည်ဟု သိရသည်။

မြိုင်ကြီးငူ စစ်ရှောင် စခန်းတွင် နေထိုင်သည် ့အသက် ၄၅ နှစ် ဦးမောင်ကျော်က “ ရွာကထွက်လာတာ ဘာမှ မပါလာဘူး။ ကျနော်လွယ်ထားတဲ့ အိတ်တလုံးပဲပါတယ်။ ကျနော် အိမ်က နွားတွေ ကျွဲတွေ ကိုတော့ ဒီတိုင်း လွှတ်ထားတယ်။ ဘယ်သူမှ ကြည့်မယ့်လူမရှိဘူး။ အခု ကျနော်တို့ ရွာမှာ စစ်တပ် တွေ ရှိတယ်။” ဟု ဧရာဝတီသို့ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဖာပွန်ခရိုင်နှင့် ထိစပ် နယ်မြေဖြစ်သော မယ်သဝေါဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲများပြင်းထန်ကာ မြိုင်ကြီးငူ ဘုန်းကြီးကျောင်းတို့ လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၈၇၄ ဦး ရှိကြောင်း သိရသည်။

Loading