မြန်မာပြည်တွင်းမှာ တိုင်းရင်းသား ဒေသတွေ အပါအဝင် တပြည်လုံးဟာ အာဏာရှင် အဆက်ဆက်ကြောင့် ဆင်းရဲတွင်း နက်နေတာ တတိုင်းပြည်လုံးနဲ့ တကမ္ဘာလုံး အသိ ဖြစ်ပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျ မရှိတဲ့ အာဏာရှင်တွေကြောင့် ဗမာလူမျိုးစုတွေဟာ ဆင်းရဲဒဏ်နဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်တွေကို ခါးစီးပြီး ခံစားနေခဲ့ရပါတယ်။ ထိုနည်းတူ တိုင်းရင်းသားတွေလည်း အတူတကွ ခံစားနေခဲ့ကြရတာ ခုချိန်ထိ ပါပဲ။
သို့ပေမယ့် မတူတာက ဗမာလူမျိုးစုတွေဟာ ဒီမိုကရေစီအရေး မရှိတဲ့ အကျိုးဆက်သာ ရှိခဲ့တာပါ။ တိုင်းရင်းသားတွေဟာ လွတ်လပ်ရေး ရပြီးကတည်းက ဗမာ လူမျိုးစုတွေ ဆုံးရှုံးခဲ့တဲ့ ဒီမိုကရေစီရေး အပါအဝင်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လုံးဝ ပျောက်ဆုံးနေခဲ့လို့ ယနေ့အထိ ပုံစံ အမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေခဲ့တဲ့ အပေါ်မှာ အာဏာရှင်ခေါင်းဆောင် အဆက်ဆက်ရဲ့ နိုင်ငံရေး နည်းလမ်းအစား စစ်ရေးနည်းနဲ့ မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာကြောင့် ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားရမယ့် အစား ပိုမိုဆိုးရွားပြီး ရှုပ်ထွေးလာနေခဲ့တာပါ။
နောက်ဆုံး အာဏာရှင် ဖြစ်တဲ့ စစ်အစိုးရဟာ နိုင်ငံရေး အရ ချောင်ပိတ်မိလာနိုင်တဲ့ စစ်အစိုးရ ယန္တရား ဆက်လက် သက်ဆိုးရှည်ဖို့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကတိုက်ကရိုက် အသက်သွင်းပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ဆောင်ခဲ့ပြီးတဲ့ နောက် NLD ဟာလည်း အဲဒီ ဖွဲ့စည်းပုံကို ဒီမိုကရေစီရေးနဲ့ တန်းတူရေး အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ ရွေးကောက်ပွဲတွေ ဝင်ပြိုင်ရာမှ ယခု အချိန် အစိုးရဖြစ်လာခဲ့ပါပြီ။
ရွေးကောက်ပွဲတွေ အတွင်း ကချင်ပြည်နယ် မြစ်ကြီးနား မဲဆွယ်ပွဲမှာ ၂၁ ရာစု ပင်လုံကို အကောင်အထည် ဖော်ခြင်း ဖြင့် ငြိမ်းချမ်းရေးကို သူမ အဆို ‘ဗမာလူမျိုးစုသည်လည်း တိုင်းရင်းသားတမျိုး ဖြစ်၍ ဗမာလူမျိုးစု အပါအဝင် တိုင်းရင်းသားများ၏ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်် ရအောင် တည်ဆောက်သွားမည်’ ဆိုပြီး မဲဆွယ် စည်းရုံးခဲ့ ပါတယ်။ ယင်းကြောင့် NLD ပါတီ အစိုးရ ဖြစ်လာတဲ့ အခါ “ပြည်တွင်းငြိမ်းချမ်းရေး” က ပထမဦးစားပေး မူဝါဒအဖြစ် ထည့်သွင်းခဲ့တာ တွေ့ရပါတယ်။
သက်တမ်းအရ လအနည်းငယ်သာ ရှိသေးတဲ့ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးဟာ စနစ်ဆိုးအေက်မှာ နှစ်ပေါင်းများစွာ ယိုုယွင်းပျက်စီးနေတဲ့ မြန်မာပြည်ကို ချက်ချင်း ပြုပြင်ရန် မဖြစ်နိုင်သေးသလို၊ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့််တွေလား ဘာမှ မယ်မယ်ရရ မရှိတဲ့ အပြင် စီးပွားရေးလည်း သိသိသာသာ တိုးတက်မှု မရှိသေးပါဘူး။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ဆိုးရွားစွာ ခံနေရတဲ့အပြင် ထောင်ပေါင်းများစွာသော တိုင်းရင်သား ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးပြီး ရာနဲ့ချီတဲ့ ဒုုက္ခသည် စခန်းတွေမှာ တနေ့ထက် တနေ့ ပိုမိုများပြားလာကာ အတိဒုက္ခ ရောက်နေကြရပါတယ်။
ဥပမာ ကချင်တိုင်းရင်းသား လူမျိုးစု တစုတည်းမှ ကချင်ပြည်နဲ့ ရှမ်းပြည်များတွင် ခန့်မှန်းခြေ လူဦးရေ ၁၂၀,၀၀၀ ဦး ဟာ စစ်ပြေးဒုက္ခသည်များ အဖြစ် ရှိနေပါတယ်။ ဒီအခြေအနေမှာ ကမ္ဘာက ဒီမိုကရေစီ တော်လှန်ရေးခေါင်းဆောင် အဖြစ် တင်စားခံထားရပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လက်ရှိ နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင် အဆက်ဆက်က တည်ဆောက်ထားပြီး ဖြစ်တဲ့ ခရိုနီအပါအဝင် စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ အသိုင်းအဝိုင်းများ၏ စီးပွားရေး ယန္တရားကို ပိုမို တောင့်တင်းခိုင်မာနိုင်မှာ ဖြစ်တဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆုုိ့မှု ရုတ်သိမ်းချိန် တန်ပြီ ဆိုပြီး ပြောဆိုနေခြင်းဟာ သူမ ရွေးကောက်ပွဲဝင်စဉ် အထူးသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ ပေးခဲ့တဲ့ ကတိတွေနဲ့ သူမအစိုးရဲ့ ဦးစားပေး မူဝါဒဖြစ်တဲ့ “ပြည်တွင်းငြိမ်းချမ်းရေး” နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေမှာ ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဘယ်လို ဆက်စပ်အရေးကြီး သလဲ ဆိုတာကို လက်တွေ့ကျကျ ဆန်းစစ်ရာမှာ တချို့ငြိမ်းချမ်းရေး လုပ်ဆောင်သူ တိုင်းရင်းသားများ အပါအဝင် မြန်မာ့ ဒီမိုကရေစီ ဘက်တော်သား အများစု (အားလုံးတော့ မဟုတ်) ဟာ “စီပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်ရင် ငြိမ်းချမ်းရေးရမယ်” ဆိုတဲ့ အယူအဆ များပြားလာတာကို သိသိသာသာ တွေ့နေရ ပါတယ်။
ငြိမ်းချမ်းရေးမှာ “အနုတ်လက္ခဏာ ဆောင်တဲ့ ငြိမ်းချမ်းရေး (Negative Peace)” ကို ဖြေရှင်းခြင်း လို့ ဆိုတဲ့ လက်ရှိ ပဋိပက္ခတွေကို ဦးစွာ ဖြေရှင်းပြီးနောက် “အပေါင်းလက္ခဏာ ဆောင်တဲ့ ငြိမ်းချမ်းရေး (Positive Peace)” အားဖြင့် ဖြေရှင်းခြင်း လို့ခေါ်တဲ့ ပြည်တွင်းဖွံ့ဖြိုး တိုးတက်ရေးတွေကို ဆက်လက် အကောင်အထည် ဖော်ခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
အဲဒီလို လုပ်ဆောင်ရာမှာ လက်ရှိ “ပြည်တွင်းငြိမ်းချမ်းရေး” အတွက် အနည်းဆုံးတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့သလို တိုင်းရင်းသားအားလုံး အတွက် ဒီမိုကရေစီရေး အပါအဝင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အတွက် ဒီ ၂ နှစ်၊ ၃ နှစ် အတွင်း ချက်ချင်း မဖြစ်လာနိုင်ရင်တောင် ယင်း နိုင်ငံရေးရည်မှန်းချက်ကို ရောက်အောင်သွားနေတဲ့ လမ်းကြောင်း ဖြစ်မှသာ အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို မဟုတ်ဘဲ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေုးု တခုတည်းကိုသာ ဦးစားပေးနေခြင်းဟာ လက်တွေ့မှာ အစီစဉ် တကျ ဖော်ဆောင်ဖို့ လိုအပ်တဲ့ တနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး အသွင် မဆောင်ဘဲ နောင်တွင် ရှင်းလင်းရန် ပိုမို ရှုပ်ထွေးစေသည့် နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေကို တွန်းပို့နိုင် ပါတယ်။ ဘာကြောင့်လဲ ဆိုရင် တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ အချက်တွေမှာ စီးပွားရေး ဖွံ့ဖြိုးဖို့ကို အရင်ကတည်းက အဓိက လိုအပ်ချက် အဖြစ် ပြောဆိုနေခဲ့ခြင်း မရှိဘဲ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ယခုချိန်ထိ အားလုံးက အဓိက အလေးပေးပြီး အခိုင်အမာ ပြောဆို နေကြတာကို သိမြင်နိုင်ပါတယ်။
သို့သော် ယခုအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မြန်မာပြည် အပေါ်မှာ ထားရှိခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆုုိ့မှု ရုပ်သိမ်းချိန်တန်ပြီ ဆိုသော စကားကြောင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း သူမနဲ့ တွေ့ဆုံစဉ် စစ်လက်နက် ရောင်းဝယ်ခြင်းနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုကို ရုတ်သိမ်းပေးမှာ မဟုတ်သေးပေမယ့် စီးပွားရေးနဲ့ ပတ်သက်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ကိုတော့ ရုတ်သိမ်းပေးမှာ ဖြစ်တယ်လို့ တရားဝင် ပြောဆိုပြီးလည်း ဖြစ်ပါတယ်။
ဒါကြောင့် စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်း ကနေ ရရှိလာတဲ့ အကျိုးအမြတ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကနေ မြန်မာပြည်သူ၊ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေ အတွင်း တိုက်ပွဲတွေ ကြားမှာ ပြေးလွှားပုန်းရှောင် နေရတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် တိုင်းရင်းသား ပြည်သူတွေ အတွက် ဘယ်လို အသုံးချသွားမယ် ဆိုသည့် အနေအထားနဲ့၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး စံချိန်စံညွှန်းများကို အခြေခံတဲ့ နိုင်ငံရေးစနစ်ကို အသုုံးပြုတဲ့ အမေရိကန်အစိုးရက ဘယ်လို ဒဏ်ခတ်မှုမျိုး လောက်ပဲ ဆက်လက်ထားရှိမည် ဆိုသည်ကို ဆက်လက်စောင့်ကြည့်ပြီး အတတ်နိုင်ဆုံး ဝိုုင်းဝန်းပြီး တည့်မတ်အောင် မဖြစ်မနေ လုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။
(စာရေးသူသည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မဟီဒေါလ် တက္ကသိုလ်တွင် ပါရဂူဘွဲ့အတွက် ကျမ်းပြုနေသူတဦးဖြစ်သည်)