သတင်း

နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ နို၀င်ဘာလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဂျပန်သတင်းဌာန ကျိုဒိုသတင်းတပုဒ်အရ သိရသည်။

“ဂျပန်နိုင်ငံ ခရီးစဉ်ကို နို၀င်ဘာလမှာ သွားဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ နှစ်ဖက်နိုင်ငံအကြားမှာ ခရီးစဉ်နဲ့ ပတ်သတ်ပြီး အစီအစဉ်တွေရေးဆွဲဖို့ အရမ်းစောလွန်းနေပါသေးတယ်။ ပြီးတော့ သွားမယ့်ရက်စွဲ အတိအကျတော့ မသတ်မှတ်ရသေးပါဘူး”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ကျိုဒို သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဧပြီလတွင် နောက်ဆုံးအကြိမ် သွားရောက်ထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ လွှတ်တော်အမတ်တယောက်အဖြစ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နို၀င်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့၍ ဧပြီလတွင် အစိုးရသစ် ဖွဲ့စည်းပြီးနောက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်အား အချိန်စောနိုင်သမျှစော၍ ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။

စက်တင်ဘာလ ရ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်တွင် ကျင်းပသော အာဆီယံအစည်းအဝေးတခု ပြင်ပ၌ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာတွင် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံခဲ့၍ လက်ရှိတွင် နယူးယောက် မြို့၌ ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်နေပါသည်။

မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ထိုင်း၊ တရုတ်၊ ဗြိတိန်၊ လာအိုနှင့် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ အလယ်တွင် ဒေသတွင်း ထိပ်သီးအစည်းအဝေးတခု တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်းလည်း သတင်းက ဆိုသည်။

Loading