၀ိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော သံဃာတော်များ နှင့် သံဃာ အတုအယောင်များကို ဓမ္မစက်၊ အာဏာ စက်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သမဏသာရုပ္ပ မဖြစ်သောအမှုများ ကျူးလွန်နေသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်ပတ်သက်၍ စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သံဃ မဟာနာယက အဖွဲ့ ရုံးဝင်းအတွင်း မင်္ဂလာစျေးဓမ္မာရုံ၌ ပြုလုုပ်သည့် တိုင်းဒေသကြီး သံဃ မဟာနာယက အဖွဲ့ (ဂိုဏ်းပေါင်းစုံ) အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ် ချက် ချခဲ့ခြင်းဖြစ်ကြောင်း တိုင်းသာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“သံဃာတွေ၊ သီလရှင်တွေ သမဏသာရုပ္ပ မဖြစ်တဲ့ကိစ္စတွေ နောက် အလှူခံတဲ့ကိစ္စတွေ၊ မော်တော်ယာဉ် ဆိုင်ကယ် မောင်း တဲ့ ကိစ္စတွေ ဒါတွေနဲ့ပတ်သက်ပြီး စည်းကမ်း ထိန်းသိမ်းရေး ကိစ္စတွေကို သံဃအဖွဲ့အစည်းတွေနဲ့ အာဏာပိုင်အဖွဲ့ အစည်းတွေ ပူးပေါင်းပြီး ထိန်းသိမ်းဖို့ပါ။ သံဃ အဖွဲ့အစည်းကနေ သမဏသာရုပ္ပ မဖြစ်လို့ ဓမ္မစက်နဲ့ အရေးယူတဲ့ဟာကို အာဏာစက်ကလည်း ၀ုိင်းဝန်းပံ့ပိုးကူညီပေးမယ်”ဟုလည်း ၎င်းက ရှင်းပြသည်။
ယင်းသို့ အရေးယူ ဆောင်ရွက်ခြင်းများကို ယခင်ကတည်းက ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း ယခုအခါ ပိုမို စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စည်းကမ်း ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ထပ်မံ ပြင်ဆင် ဖွဲ့စည်း၍ အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တိုင်းသာသနာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
တိုင်းသံဃ မဟာနာယက အဖွဲ့(ဂိုဏ်းပေါင်းစုံ)အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ မြို့နယ် သံဃ မဟာနာယက အဖွဲ့ များ၊ ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးသို့ တက်ရောက်လာသော ရန်ကုန်တိုင်း သံဃ မဟာနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်များ ကလည်း တိုင်းဒေသကြီး အတွင်းရှိ ၀ိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်း မရှိသည့် ရဟန်း သံဃာတော်များကို ဓမ္မစက်ဖြင့် လျက်ရှိသော်လည်း ထိရောက်မှုရှိစေရန် အစိုးရက အာဏာစက်ဖြင့် ပူးပေါင်း ဆောင်ရွက်မှသာလျှင် ထိရောက်မှု ရှိနိုင်ကြောင်း သြဝါဒမိန့်ကြားခဲ့သည်။
ကျူးကျော် ဘုန်းကြီးကျောင်းများကိုလည်း သက်ဆိုင်ရာ သံဃ မဟာနာယက အဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းသွားမည်ဟုလည်း ဆိုသည်။
မြန်မာ တနိုင်ငံလုံးတွင် ရဟန်းသံဃာတော် ကျောင်းတိုက်ပေါင်း ခြောက်သောင်း ကျော်၊ ရဟန်းသံဃာ စုစုပေါင်း ငါးသိန်း နှစ်သောင်း ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဘုန်းကြီးကျောင်းပေါင်း ခြောက်ထောင် ကျော်နှင့် ရဟန်းသံဃာ တော်နှင့် သာမဏေ စုစုပေါင်း ရှစ်သောင်းငါးထောင်ကျော် ရှိကြောင်း ယင်းအစည်းအဝေးပွဲမှ သိရသည်။