သတင်း

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတရားခံ ဖမ်းဆီးရင်း ဒုရဲမှူး ဓားခုတ်ခံရ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတရားခံအား ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို လူတစုက တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတဦး ဓားခုတ်ဒဏ်ရာ ရရှိခဲ့ကြောင်း လုံးတုံနယ်မြေ ရဲစခန်းက သိရသည်။

ဒုရဲမှူး အောင်နိုင်ဦး အပါအဝင် ရဲတပ်သား ၄ ဦးနှင့် အရပ်သားသက်သေ ၆ ဦးမှာ စက်တင်ဘာ ၁၉ ရက် နေ့က မူးယစ်ဆေးဝါးများနှင့်အတူ ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း (ခ) ဘိုးတော် ကို တောထဲတွင် ဖမ်းဆီးရ မိခဲ့သော် လည်း ၎င်း၏သားဖြစ်သူ ကျော်သူဝင်း ဦးဆောင်သည့် လက်နက်များ ကိုင်ဆောင်ထားသော လူ ၂၀ ခန့်က ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ ဦးအောင်ကျော်ဝင်းကို ပြန်လည်လုယူသွားခဲ့ခြင်းဖြစ်ကြောင်း လုံးတုံ ရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းက ဧရာဝတီသို့ပြောသည်။

ရဲအုပ် ဗျက်ဆန်းက “ဒုရဲအုပ်ပဲ သေနတ်ကပါတာ၊ သူတို့က လူအုပ်နဲ့ရိုက်နှက်ပြီး သူ့အဖေကို ပြန်လုသွား တာ။ ဒုရဲအုပ်ဆီက ခါးပတ်ကို ဖြုတ်ပြီး သေနတ်ပါယူသွားတယ်၊ အခင်းဖြစ်နေရာမှာ လက်ပစ်ဗုံး ၂ လုံးကို လည်း သိမ်းဆည်းရမိထားတယ်” ဟုပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် မူးယစ်ဆေးရောင်းဝယ်သူ ဦးအောင်ကျော်ဝင်းမှာ ပြန်လည် လွတ်မြောက် သွားသော်လည်း ဘိန်းဖြူအလေးချိန် ၁၁၇ ဒဿမ ၄၀၀၁ ဂရမ်၊ WY တံဆိပ်ပါ စိတ်ကြွဆေး ၂၉၈၅ လုံး၊ ငွေကျပ် ၁၇ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သည့် ဒုရဲမှူး အောင်နိုင်ဦးအား မိုးညှင်းမြိို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ်အခြေအနေတင်ပို့ ကုသခဲ့ရပြီး စက်တင်ဘာ ၂၁ ရက်နေ့အထိ ဆေးရုံတွင်ကုသလျက်ရှိကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သူများကို မူးယစ်ဆေးဝါးမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ တာဝန်ရှိ၀န်ထမ်းများကို ထိခိုက်နာကျင်စေအောင် ပြုမူမှု၊ လက်နက်ဥပဒေပုဒ်မ စသည် ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လတ်တလောတွင် အမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူ သံသယ တရားခံ တူးတူး၊ မင်းအောင်၊ အောင်ရင်နှင့် အောင်မင်း ဆိုသူတို့ကို စစ်ဆေးလျက်ရှိကြောင်း ရဲအုပ် ဗျက်ဆန်းက ပြောသည်။

Loading