မန်းစည်ပင်ဥပဒေတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကော်မတီဝင်လောင်းများကို မဲဆွယ်အသုံးစရိတ် ကန့်သတ်ထားမှု မရှိခြင်းကြောင့် မျှတသည့် ယှဉ်ပြိုင်မှုမျိုး မဖြစ်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။
မန်းစည်ပင်ကော်မတီဝင် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူ တဦးဖြစ်သည့် စိမ်းရောင်စိုအဖွဲ့ဝင် ဦးမောင်မောင်ဦးက “ကော်မတီဝင်လောင်းတယောက်ရဲ့ မဲဆွယ်အသုံးစရိတ်က စည်ပင်မှာကော်မတီဝင် တယောက်ဖြစ်ရင် ရရှိမယ့်လစာထက်မက ပိုသုံးနေတာကို တွေ့ရတယ်။ ဒါကို လောင်းကစားသဘောနဲ့ ကြည့်မယ်ဆိုရင် အများကြီး ရှုံးနေပါပြီ။ ပေးဆပ်ချင်တယ်ဆိုတဲ့ ခေါင်းစဉ်တခုက လုံလောက်ရဲ့လားဆိုတာ သေချာစဉ်းစားဖို့ လိုတယ်” ဟု ပြောသည်။
မန္တလေးစည်ပင် နယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ ခုတွင် စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲအတွက် ၀င်ရောက်အရွေးခံမည့် ကော်မတီဝင်လောင်း၏ ဓာတ်ပုံများ အလှပြကားများတွင် ချိတ်ဆွဲကာ မြို့အတွင်း မောင်းနှင်လှည့်လည်စဉ် သံချပ်များ၊ တေးသီချင်းများ အပြိုင်အဆိုင် ဖွင့်လှစ်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်။
“ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို ပြည်သူကို ချပြရွေးချယ်ခိုင်းရမယ့်အစား မသင့်လျော်တဲ့ ပုံရိပ်တွေ အသုံးပြုပြီး မဲဆွယ်နေတာဟာ စည်ပင်ရွေးကောက်ပွဲအတွက် စိတ်ပျက်စရာကောင်းတဲ့ အခင်းအကျင်းတခုပဲ” ဟု ဦးမောင်မောင်ဦးက ဆက်ပြောသည်။
စည်းရုံးရေးကားအချို့တွင် အနီရောင်ဗီနိုင်းများ နောက်ခံထား၍ လှည့်လည်မဲဆွယ်နေမှုနှင့် ပတ်သက်ပြီး မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်မှ ၀င်ရောက်အရွေးခံမည့် စည်ပင်ကော်မတီဝင်လောင်း ဦးခင်မောင်ထွန်းက “ငွေအားသုံးနိုင်တဲ့သူတွေက သုံးကြတော့ မဲဆွယ်တဲ့အခါ ပုဂ္ဂိုလ်ရေး အားပြိုင်မှုတွေကိုပါ မြင်ရတယ်။ အဲဒီကနေ ရွေးကောက်ပွဲဆိုင်ရာ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်မှာတော့ စိုးရိမ်တယ်” ဟု ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မန်းစည်ပင်နယ်နိမိတ် အတွင်းရှိ မဲဆန္ဒနယ် ၆ ခုမှ ၀င်ရောက်အရွေးခံကြမည့် ကော်မတီဝင်လောင်း အရေအတွက် ၃၅ ဦးခန့်ရှိကြောင်း စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
ကော်မတီဝင်လောင်းများ၏ မဲဆွယ်အသုံးစရိတ်ကိစ္စနှင့် ပတ်သတ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်တင်မိုးက “ဒီနှစ် စည်ပင်ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာတွေ ပိုများလာမယ်လို့ ခန့်မှန်းတယ်။ ၀င်ပြိုင်တဲ့ အရေအတွက်ကလည်း များတယ်။ ကော်မတီဝင်လောင်းတွေရဲ့ မဲဆွယ်အသုံးစရိတ်နဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ ကိစ္စတွေ ရှိလာရင်လည်း ရွေးကောက်ပွဲအပြီးအစီရင်ခံစာမှာ တင်ပြသွားဖို့ရှိပါတယ်” ပြောသည်။
မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်မည့် စည်ပင်ကော်မတီဝင်များကို မြို့နေလူထုက သတ်မှတ်ပေးထားသည့် မဲရုံများ၌ အိမ်ထောင်စုတစုလျှင် မဲတမဲဖြင့် ၄င်းတို့ကြိုက်နှစ်သက်သည့် ကော်မတီဝင်လောင်းကို နံနက် ရ နာရီ မှ ညနေ ၄ နာရီအတွင်း ဆန္ဒမဲပေး ရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။
လာမည့် စက်တင်ဘာ ၂၅ ရက်တွင် မန်းစည်ပင် ရွေးကောက်ပွဲကျင်းပကာ ညတွင်းချင်း မဲရလဒ်များအား ရေတွက်၍ နောက်တနေ့ နံနက်ပိုင်းသတင်းစာတွင် ထုတ်ပြန်ကြေညာသွားမည်ဟု ကော်မရှင်က ပြောသည်။
မန္တလေးစည်ပင် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကုန်ကျစရိတ် ငွေကျပ် သိန်း ၂၀၀ ခန့်မှန်ထားပြီး မဲပေးနိုင်သည့် အိမ်ထောင်စုအရေအတွက် ၁ သိန်း ၈သောင်းကျော်၊ မဲရုံပေါင်း ၂၃၂ ရုံနှင့် မဲရုံဝန်ထမ်းပေါင်း ၂၀၀၀ နီးပါးထားရှိသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။
မန်းစည်ပင်ကော်မတီဝင်လောင်းများကို တမြို့နယ်လျှင် တယောက်နှုန်းဖြင့် ၆ ဦး ရွေးချယ်ခန့်ထားမည်ဖြစ်ပြီး စည်ပင် ဥပဒေအရ တိုင်းအစိုးရအဖွဲ့က နောက်ထပ်ကော်မတီဝင် ၅ ဦးကို တိုက်ရိုက်ခန့်အပ်၍ စုစုပေါင်း ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မန်းမြို့တော်စည်ပင်သာယာရေး ကော်မတီက ပြောဆိုသည်။