သတင်း

အင်းဝ အပ်ချုပ်ဆိုင်အမှု လူ့အခွင့်အရေး ကော်မရှင် အကာအကွယ် မပေးနိုင်ခဲ့

အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင်များက အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ် နှစ်ဦးအား ကိုယ် လက် အင်္ဂါချို့ယွင်းသည် အထိ နှိပ်စက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ ဘက်မှ တစုံတရာ အကာအကွယ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင်များက ၎င်းတို့ နေအိမ်တွင် ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု ဖျံရွာချောင်ရွာမှ အိမ်အကူ အလုပ် လာရောက်လုပ်ကိုင်သည့် မဆန်းကေခိုင် အသက် ၁၇ နှစ် နှင့် မသဇင် အသက် ၁၆ နှစ် တို့ကို လက်ချောင်း ၁၀ ချောင်းလုံးနှင့် လက်မောင်းရိုး ကျိုးသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နှိပ်စက်မှုများသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၃ ဦးဖြစ်သည့် ဒေါ်တင်သူဇာ အသက် ၅၇ နှစ်၊ ကိုတင်မင်း လတ် (ခ) ဖိုက်ဇယ် အသက် ၃၇ နှစ်၊ မစုမွန်လတ် အသက် ၂၇ နှစ်တို့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း ရဲ တပ်ဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ပြစ်မှု ကျူးလွန်သူများကို ရန်ကုန်မြို့ ကျောက်တံတား ရဲ စခန်းက ပြစ်မှု နံပါတ် ၁၉၃/၂၀၁၆ ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထိုဖြစ်စဉ်ကို သိရှိခဲ့သည့် Myanmar Now သတင်းဌာနမှ သတင်းထောက် ကိုဆွေဝင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့ရာ ကော်မရှင်က ခေါ်ယူစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ မိသားစုနှင့် ကျူးလွန် ခံရသူ အိမ်အကူ မိန်းကလေးငယ် ၂ ဦးတို့၏ အုပ်ထိန်းသူများကို ဥပဒေကြောင်းအရ ရင်မဆိုင်စေဘဲ ညှိနှိုင်းရန် ပြော ဆို ခဲ့ပြီး တိုက်ရိုက် ညှိနှိုင်းစေကာ မစန်းကေခိုင်ကို ကျပ် သိန်း ၄၀ ၊ မသဇင်ကို ကျပ် ၁၀ သိန်း ဖြင့် ကျေအေး ပေးခဲ့ သည်။

ကော်မရှင်က တစုံတရာ ဝင်ရောက်ညှိနှိုင်းပေးခြင်းမပြုဘဲ အင်းဝ စက်ချုပ်ဆိုင် မိသားစုကို ကော်မရှင်ရုံးသို့ခေါ်ပြီး တွေ့ဆုံ ရာတွင် အမှုအကြောင်းအရာနှင့် သက်ဆိုင်ခြင်းမရှိသော ကော်မရှင်က ယခင် ပြုလုပ်ခဲ့သည့် အမှုများကို ပြန်လည် ဖတ်ကြား ပြသခြင်းများ၊ ရှင်းလင်းခြင်းများ၊ ကော်မရှင် ဥပဒေများကို ဖတ်ပြခြင်းများသာ ပြုလုပ်ခဲ့ကြောင်း စက်တင်ဘာလ ၂၁ ရက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ဖတ်ကြားပြသည့် မှတ်တမ်း များတွင် ပါရှိသည်။

ကော်မရှင်က ဖတ်ကြားပြသည့် မှတ်တမ်းများအရ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်မှ တရားရေးဘက်သို့ မသွားဘဲ ကော်မရှင်ရုံးတွင် တိုက်ရိုက်ဖြေရှင်းရန် တိုက်တွန်းခဲ့ကြောင်း၊ ထို့နောက် ကော်မရှင် တာဝန်ရှိသူများက အခန်းတွင်းမှ ထွက်ပေးပြီး ပြစ်မှု ကျူးလွန်သူများနှင့် ကျူးလွန်ခံရသူ မိသားစုဝင်များကို အခန်းတွင်း ၁၅ မိနစ်ခန့် သီးသန့် အချိန်ပေးကာ ကျေအေးနိုင်သည့် ငွေကြေးကို ညှိနှိုင်းစေခဲ့ကြောင်းလည်း သိရသည််။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းက “သူတို့ဘာ သူတို့ တွေ့ဆုံဆွေးနွေး၊ ခင်ဗျားတို့ ဘာသာ ခင်ဗျားတို့ လုပ်ကြဆိုပြီး သူတို့ကြိုက်ရာ လမ်းကြောင်းကို သူတို့ ရွေးကြဆိုပြီး ကျနော်ပြောပြီးသား။ အဲ့ဒီတော့ တရားဥပဒေ လမ်းကြောင်း သွားမလား၊ လျော်ကြေး သွားမလား။ ဒါပဲ”ဟု ကော်မရှင်က ဆောင်ရွက် ပေးခဲ့ သည့် ဖြစ်စဉ်ကို ရှင်းပြသည်။

ဦးဇော်ဝင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး ၌ သတင်းမီဒီယာများနှင့် စက်တင်ဘာလ ၂၁ ရက်က တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ဥပဒေ၏ ရည်ရွယ်ချက်တွင် ကော်မရှင်သည် ကုလသမဂ္ဂ က ထုတ်ပြန်ထားသည့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များကို အသိအမှတ်ပြုပြီး လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့ အစည်း တရပ် ပေါ်ပေါက်လာစေရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ပြဌာန်းထားသည်။

နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ဆုံးဖြတ် ချက် များ၊ ဒေသဆိုင်ရာ သဘော တူညီချက်များနှင့် ကြေညာချက်များပါ လူ့အခွင့်အရေးများကို ထိရောက်စွာ မြှင့်တင် ကာကွယ်နိုင်ရန် ဟူ၍လည်း ပါရှိသည်။

အခန်း ၆ စုံစမ်းစစ်ဆေးခြင်းပါ ပုဒ်မ ၂၂ ၊ အပိုဒ်ခွဲ (ဃ)တွင် တိုင်တန်းချက် (သို့) စွပ်စွဲချက်အရဖြစ်စေ သတင်း အရ ဖြစ်စေ လူ့အခွင့်အရေး ဖောက်ဖျက်မှုဖြစ်ပွားကြောင်း သိရှိရသည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းဟူ၍ ပြဌာန်း ထား သည်။

သို့သော် အင်းဝအပ်ချုပ်ဆိုင် အမှုဖြစ်စဉ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ခံခဲ့ရသည့် မစန်းကေခိုင်၊ မသဇင် တို့နှင့် တွေ့ဆုံခြင်း မရှိခဲ့ဘဲ အုပ်ထိန်းသူများဖြင့်သာ စကားပြောဆိုခဲ့ပြီး အုပ်ထိန်းသူများကို ကျူးလွန်သူ မိသားစုဝင်များဖြင့် တိုက်ရိုက်ညှိနှိုင်းမှု ပြုစေခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်တွင် ကော်မရှင်က မစန်းကေခိုင်၊ မသဇင်တို့နှင့် တွေ့ဆုံခဲ့ခြင်း လုံးဝမရှိခဲ့သည်မှာ မှန်ကန်ခြင်း ရှိ မရှိ သတင်း မီဒီယာများက မေးမြန်းရာ ဦးဇော်ဝင်းက “ဟုတ်ပါတယ်”ဟု ပြောပြီး ဆက်လက်၍ “သူ့အမေအရင်း၊ သူ့အိမ်နီး ချင်း၊ သူ့ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နောက်တခါ ရဲ၊ အမျိုးသမီးရေးရာ ပါတယ်လေဗျာ”ဟုလည်း ပြန်လည် ပြောဆိုခဲ့ သည်။

ကော်မရှင်က လူ့အခွင့်အရေးနှင့် အညီ မေတ္တာတရားနှင့်အညီ ကြီးသည့်အမှုကို ငယ်စေရန် ဖြေရှင်းပေးခဲ့ခြင်းသာ ဖြစ် ကြောင်း၊ ယခုကိစ္စတွင် ကော်မရှင်မှ လာဘ်စားထားခြင်း တစုံတရာမရှိသဖြင့် လုပ်ရပ် မှန်ကန်သည်ဟု ယုံကြည် ကြောင်းလည်း ဦးဇော်ဝင်းက သတင်းမီဒီယာများကို ပြောသည်။

ဆက်လက်ပြီး ဦးဇော်ဝင်းက “ကျနော်တို့က စေတနာ၊ မေတ္တာအပြည့် လူ့အခွင့်အရေး အခြေခံနဲ့ လုပ်တာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယ ကင်းရှင်းပါတယ်”ဟုလည်း ဆိုသည်။

၎င်းတို့ ကော်မရှင်က လုပ်ဆောင်ခဲ့သည်တို့မှာ ဥပဒေနှင့်အညီ၊ ၎င်းတို့ လုပ်ပိုင်ခွင့်ရှိသည်နှင့် အညီ ဆောင်ရွက်ခဲ့ခြင်း သာ ဖြစ်သည်ဟုလည်း ဦးဇော်ဝင်း က ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်၊ ဥပဒေပညာရှင် ပါမောက္ခ ဒေါ်သိန်းနွဲ့ကလည်း ယခုကဲ့သို့ အိမ်ရှင်နှင့် အိမ်အကူတို့ကြား ဖြစ်ပွား သည့် ပြဿနာများတွင် အိမ်အကူများဘက်မှ တရားရင်ဆိုင်လျင်လည်း လျော်ကြေးငွေ ရရှိသည်မျိုး မရှိသလောက် နည်းပါးကြောင်း၊ ထို့ကြောင့် ကော်မရှင်က နစ်နာထားသူများကို လျော်ကြေးရစေရန် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တရားရေးအရလည်း တရားစွဲလိုပါက ကော်မရှင်က လမ်းပိတ် မထားကြောင်း၊ မိသားစုများက သက်ဆိုင်ရာ ရဲစခန်း များတွင် တရားစွဲဆိုနိုင်ကြောင်း ပြောသည်။

ဒေါ်သန်းနွဲ့က“တရားခံ မသေမချင်း တရားစွဲလို့ ရပါတယ်။ ဒီ လက်မှတ်ထိုးထားတဲ့ အထဲမှာ (ကျပ် သိန်း ၅၀ ရရှိကြောင်း ထိုးထားသည့် လက်မှတ်) မပါပါဘူး။ တရားရေးမှာ အလွယ်တကူမရနိုင်တာတွေ ကြာနေမယ့်ဟာတွေကို ကူညီတာ ပါ”ဟု လည်း ပြောသည်။

သို့သော် ကော်မရှင်အဖွဲ့ဝင်များကို လူ့အခွင့်အရေးချိုးဖောက်မှု ၊ကလေးသူငယ်များကို ကိုယ်လက်အင်္ဂါ ချို့ယွင်းသည် အထိ ညှဉ်းပန်းနှိပ်စက်မှု၊ လုပ်ခလစာ မပေးခြင်းတို့ အပေါ်တွင် ရဲက အရေးယူသင့်ကြောင်း ကော်မရှင်က တိုက်တွန်း ခြင်း မရှိခဲ့သည့်အပေါ်၊ ကော်မရှင်က နစ်နာသူများဘက်မှ လူ့အခွင့်အရေးနှင့်ဆိုင်သည့် ဥပဒေများ၊ ပုဒ်မများဖြင့် ကာ ကွယ်ပေးခြင်း မရှိခဲ့သည့်အပေါ် သတင်းထောက်များက မေးမြန်းရာတွင်လည်း တိတိကျကျ ဖြေဆိုနိုင်ခြင်း မရှိခဲ့ပါ။

ကျောက်တံတား မြို့နယ် ရဲမှူး ဦးသန်းအေးကမူ ၎င်းအနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူလိုင်လ ၁၁ရက်မှစ၍စုံစမ်း ခဲ့ကြောင်း၊ ကျူးလွန်ထားသည့် ပြစ်မှုများ ထင်ရှားသည်တိို့ကို တွေ့ရသဖြင့် ဥပဒေအရ အရေးယူသင့်ကြောင်း မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို စာမျက်နှာ ၂၁ မျက်နှာပါ စာတမ်း တစောင်တင်ပြီး ပြောဆိုခဲ့ကြောင်း ဧရာဝတီကို ပြောပြထားသည်။

သို့သော် ကော်မရှင်က တရားဥပဒေလမ်းကြောင်းအရ မသွားသင့်ဘဲ ညှိနှိုင်းဖြေရှင်းသင့်ကြောင်း အကြံ ပြုခဲ့သည်ဟု သိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ရဲ လုပ်ထုုံး လုပ်နည်းအတိုင်း ပျက်ကွက်မှု ရှိ၊ မရှိကို ရဲမှူး ဦးသန်းအေး အပါအဝင် ကျောက် တံတား မြို့နယ်မှ တာဝန်ရှိ ရဲ့ အရာရှိ တချို့ကို ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ပျက်ကွက်လျှင် အရေးယူဆောင်ရွက်မည် ဖြစ် ကြောင်း ရဲ စုံစမ်း စစ်ဆေးရေး ခုံရုံး ဥက္ကဋ္ဌ တာဝန်ယူထားသူ လက်ပန်တန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ထွေး က ဧရာဝတီ ကို ပြောသည်။

စက်တင်ဘာလ ၂၁ ရက် နေ့လည်ပိုင်း ကော်မရှင်၏ ရှင်းလင်းပွဲတွင် Generation Wave အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသည့် အရပ်ဘက်အဖွဲ့များမှ ၁၀ ဦးခန့်က အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက လူ့အခွင့်အရေး ချိုးဖောက် မှုများ ကျူးလွန်သည့် ဖြစ်ရပ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက် ရှုတ်ချကြောင်း ရေးသားထားသည့် စာတစောင်ကို ကော်မရှင်သို့ ပေးပို့ခဲ့သည်။

အဆိုပါစာတွင် အိမ်အကူမိန်းကလေးငယ် ၂ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့ သည်မှာ စိတ်ပိုင်းဆိုင်ရာပါ ဒဏ်ရာရရှိသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုရန် လိုအပ်သည်ဟု လည်း ဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ ထား ရမှုများ ရှိနေသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးခြင်း၊ လူ့ အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးခြင်း မရှိဘဲ ငွေကြေးအားနည်းသူကို ငွေကြေးဖြင့် ညှိနှိုင်းမှုပြုလုပ်သဖြင့် ကော်မရှင် ကိုလည်း မယုံကြည်ကြောင်း၊ ကော်မရှင်တာဝန်ရှိသူများ နုတ်ထွက်ပေးရန် လိုအပ်ကြောင်းလည်း အဆိုပါ စာတွင် ပါရှိသည်။

ထိုအမှုအား မြန်မာနိုင်ငံ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အဖွဲ့မှ တရားလိုလုပ် စွဲဆိုထားသည့် ဥပဒေပုဒ်မ ၂၄ /၃၂ အပြင် ရဲတပ်ဖွဲ့မှ စစ်ဆေးချက်များအရ ထွက်ဆိုချက်များ ထပ်မံရှိလာပါက ကျူးလွန်သူများသည် ပြစ်ဒဏ် ကြီးကြီး မားမား (သို့) ထောင်ဒဏ် တသက်တကျွန်း အထိ ကျနိုင်သည်ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြော သည်။

Loading