ပြည်သူလူထုကို နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဦးစီးဌာန(လဝက)မှ ဦးစီးမှူးများ၏ လာဘ်စားမှုများကို ပြည်သူများက ရွံကြောက်ဖြစ်နေကြပြီး ၀န်ကြီးဌာန၏ မူဝါဒ ညွှန်ကြားချက်တချို့ကလည်း အဂတိလိုက်စား ဖြစ်စေရန် အခွင့်အလမ်း ဖန်တီးပေးသကဲ့သို့ ဖြစ်နေကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဥပဒေပြုသူများက ဝေဖန် ဆွေးနွေးခဲ့ကြသည်။
ပြည်သူများသည် လဝကရုံးများသို့ သွားရောက်ရန် ကြောက်ရွံ့နေကြပြီး သွားသည့်အခါတိုင်းတွင်လည်း ပိုက်ဆံပေးကြရကြောင်း၊ ၄င်း၏ မဲဆန္ဒနယ်မှ ပြည်သူတဦးသည် မှတ်ပုံတင်ရရှိရန် လဝက ဦးစီးမှူးကို ကျပ် ၁ သိန်း ပေးခဲ့ရကြောင်း မြောက်ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က စက်တင်ဘာ ၂၁ ရက်နေ့က ပြောသည်။
“ဒဂုံမြောက်ပိုင်းက မိသားစုတစုကို မှတ်ပုံတင် ဘယ်လိုရသလဲလို့ မေးကြည့်တော့ ကျမတို့က ငွေ ၁ သိန်း ပေးရပါတယ်တဲ့။ အဲဒီငွေ ၁ သိန်းကို ဘယ်သူ့ကို ပေးရလဲ မှတ်မိလားဆိုတော့ အဲဒီမှတ်ပုံတင်ကို လက်မှတ်ထိုးပေးတဲ့ ဦးစီးမှူးကို ပေးရတာတဲ့။ ငွေ ၁ သိန်းပေးလိုက်မှ လက်မှတ်ထိုးပြီး အဲဒီမှတ်ပုံတင်ကို ရပါတယ်လို့ ကျနော်ကို ပြောပါတယ်”ဟု ဒေါက်တာ ခင်မောင်မောင်က ပြောသည်။
ထိုကိစ္စကို လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် လဝက ဦးစီးမှူး၏ အမည်နှင့် ကိုယ်ပိုင်အမှတ်တို့ကို တိုင်စာရေး၍ တိုင်ကြားခဲ့သော် လည်း အကြောင်းမထူးခဲ့ကြောင်း သိရသည်။
မြောက်ဒဂုံ မြို့နယ်တွင် မှတ်ပုံတင်ရရှိရန် ငွေကြေးပေးရသည့်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး အစဉ်အလာအားဖြင့် ငွေပေးမှသာ မှတ်ပုံတင် ရရှိလေ့ရှိကြောင်း၊ သို့သော် နောက်ပိုင်းတွင် ငွေကြေးပေးရသည့် တန်ဖိုးမှာ လျော့ကျလာသည်ကို တွေ့ရကြောင်း မြောက်ဒဂုံ ၄၀ ရပ်ကွက်တွင် နေထိုင်ခဲ့သူ မဇာဇာက ပြောသည်။
“ကျမ မှတ်ပုံတင်လုပ်တုန်းက ၃ သိန်းပေးရပါတယ်။ လူကိုယ်တိုင်တောင် သွားစရာ မလိုဘူး။ လက်ဗွေတောင် အိမ်ကျမှ နှိပ်ရတာ။ အခု ၁ သိန်းပေးရရင် ရတယ်ပြောတယ်။ တချို့လည်း ရ သောင်းနဲ့ ညှိပြီး မှတ်ပုံတင် ရလာသူတွေလည်း ရှိတယ်”ဟု မဇာဇာက ပြောသည်။
မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်“မှတ်ပုံတင် ရှိထားပြီးသား နိုင်ငံသားမိဘနှစ်ဦးက မွေးဖွားလာသည့် သား၊ သမီးများသည် ဥပဒေအရ အလိုအလျောက် နိုင်ငံသားဖြစ်ရမည် ဖြစ်သော်လည်း မှတ်ပုံတင်သွားလျှောက်သည့်အခါ လဝကရုံးက သွေး နှောပြန်လည် စိစစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကြန့်ကြာနေခြင်းကြောင့် ဝန်ကြီးဌာနက သွေးနှောပြန်လည်စိစစ်ရန် ညွှန်ကြား ထားခြင်းရှိ၊ မရှိ မေးခွန်းတခုကို ဒေါက်တာ ခင်မောင်မောင်က မေးမြန်းစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။
မြောက်ဒဂုံ မြို့နယ်ရှိ မိသားစု ၅ ဦးရှိသည့် အိမ်ထောင်စု တခုတွင် အဖေ၊ အမေ၊ အမ ၂ ဦးတို့သည် နိုင်ငံသား မှတ်ပုံတင်များ ရရှိခဲ့ပြီး ဖြစ်သော်လည်း အငယ်ဆုံး သမီးဖြစ်သူမှာ ဖခင်ဖြစ်သူသည် တရုတ်သွေးနှောနေကြောင်း အကြောင်းပြချက်ဖြင့် မှတ်ပုံတင် ရရှိရန် ၆ လကျော် ကြန့်ကြာနေရသည်ဟု သိရသည်။
“ကလေးဖြစ်သူက မှတ်ပုံတင်လုပ်တဲ့အခါမှာ ၆ လကျော် ကြန့်ကြာနေတဲ့အတွက် ကျနော်တို့ထံ လာရောက် အကူအညီတောင်းပါတယ်။ သူ့ဆီက စာရွက်စာတမ်းတွေ တောင်းကြည့်တဲ့အခါမှာ သူ့အဖေကလည်း နိုင်ငံသား မှတ်ပုံတင်ရှိတယ်။ သူ့အမေမှာလည်း နိုင်ငံသား မှတ်ပုံတင်ရှိတယ်။ အမအကြီးဆုံးကလည်း ၁၄/၀ခမ(နိုင်)နဲ့ မှတ်ပုံတင်ရပါပြီ။ အမအငယ်ကျတော့ ၁၂/ဒဂမ(နိုင်) နဲ့ မှတ်ပုံတင် ရပါတယ်”ဟု ဒေါက်တာ ခင်မောင်မောင်က ပြောသည်။
ဒေါက်တာ ခင်မောင်မောင်က ဆက်၍ “အဖေနိုင်ငံသား၊ အမေနိုင်ငံသားရဲ့ သားသမီးက အလိုအလျောက် နိုင်ငံသား ဖြစ်ရမှာပါ။ သွေး နှော ပြန်လည် စိစစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြန့်ကြာနေတာကြောင့် ၀န်ကြီးဌာနက သွေးနှောပြန်လည် စိစစ်ဖို့ ညွှန်ကြားထား ခြင်း ရှိ/မရှိနဲ့ အကယ်၍ ညွှန်ကြားထားတယ်ဆိုရင် အဘယ့်ကြောင့် ညွှန်ကြားထားတယ်ဆိုတာကို သိလိုပါတယ်”ဟု လွှတ်တော်သို့ မေးခွန်းထုတ်ခဲ့သည်။
အစိုးရကမူ သွေးနှော ပြန်လည် စိစစ်ရခြင်းမှာ နိုင်ငံသား ဖြစ်မှု အခြေအနေကို ပိုမိုခိုင်မာစေရန် ဖြစ်ပြီး ရန်ကုန်တိုင်းတွင် မှတ်ပုံတင် လျှောက်ထားရာတွင် စိစစ်ဆဲ Case နှစ်သောင်းကျော် ရှိနေသဖြင့် နေပြည်တော် ရှုံးချုပ်က ဒုညွှန်ကြားရေးမှူးတဦး ဦးဆောင်သည့် အထူးအဖွဲ့ ၂ ဖွဲ့ စေလွှတ်ကာ ဆောင်ရွက်နေရကြောင်း ပြောသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက “၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပေါ်ပေါက် လာပြီး နောက်ပိုင်းမှာ သေချာစိစစ်နိုင်ခြင်း မရှိဘဲ ရွေးကောက်ပွဲ (၉၀ ရွေးကောက်ပွဲ) အတွက် နိုင်ငံသားကတ်တွေ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရတဲ့အတွက် မမှန်ကန်သူများလည်း နိုင်ငံသားကတ် ရရှိသွားခဲ့ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ထို့ကြောင့် ယခုအခါ ပြန်လည် စိစစ်ခြင်းဖြင့် အမှန်ကို ပြန်လည် တည့်မတ်နိုင်ပြီး နိုင်ငံသား အရည်အချင်း ရှိ/ မရှိ ဥပဒေနှင့် အညီ ဖော်ထုတ်သိရှိနိုင်မည် ဖြစ်ကြောင်း၊ ပြန်လည် စိစစ်ခြင်းဖြင့် ကာယကံရှင်နှင့် နိုင်ငံတော်အတွက် ၂ ဦး ၂ ဖက် အကျိုး ရှိစေမည်ဟု ၀န်ကြီးက ပြောသည်။
၀န်ကြီး၏ ရှင်းပြချက်ကို ဒေါက်တာ ခင်မောင်မောင်က လက်မခံဘဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင် သွေးနှောပြန်လည် စစ်ဆေးရန် ညွှန်ကြားထားခြင်း မရှိဘဲ နှစ်ပေါင်း ၃၀ ကြာမှ ပြန်လည် စစ်ဆေးခြင်းမှာ အဓိပ္ပါယ် ရှိ/မရှိ ပြန်လည် ဆွေးနွေးခဲ့သည်။
“ဒီမှတ်ပုံတင်တွေ အားလုုံးက လဝက က ထုတ်ပေးတာ။ ကိုယ်ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်ကို ပြီးမှ ဟုတ်/ မဟုတ် ပြန်စစ်တယ်။ သန်းခေါင် စာရင်းလည်း ဒီလိုပဲ။ အဲလို ပြန်စိစစ်ခိုင်းတော့ အဂတိလိုက်စားမှုတွေ ဖြစ်လာတယ်။ ကျနော်စာထဲမှာလည်း ရေးထားတယ်။ တိုင်စာထဲမှာ ဆိုရင် လဝက ဦးစီးအရာရှိရဲ့ နာမည်နဲ့ ၀န်ထမ်းမှတ်ပုံတင် အမှတ်ပါ ပါတယ်”ဟု သူက ပြောသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ၄င်း၏ မဲဆန္ဒနယ်၌ပင် ကလေးတဦးမှာ သွေးနှောသံသယဖြင့် အဖေနှင့် အမေ မှတ်ပုံတင် ရှိသော်လည်း ကလေး ဖြစ်သူမှာ မှတ်ပုံတင်မရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ကလေးဖြစ်သူမှာ သွေးနှောရုပ် လုံးဝမပေါက်ဘဲ ကျောင်းသားတဦး ဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြားသည်။
ထို့ကြောင့် သွေးနှောပြန်လည် စိစစ်မှုသည် ရည်ရွယ်ချက် ကောင်းသော်လည်း အောက်ခြေတွင် ၀န်ထမ်းများကို အဂတိ လိုက်စားရန် အတွက် အခွင့်အလမ်း ရရှိနေကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။
“စိတ်ဓာတ်မပြောင်းချင်တဲ့ ၀န်ထမ်းတချို့က ဒါကို အခွင့်အရေး တရပ်လို ယူဆပြီးတော့ အသုံးချတော့ ပြည်သူလူထု ဒုက္ခရောက်တယ်။ ပြဿနာ ဖြစ်တယ်”ဟု ဦးဝင်းမြင့်က ပြောဆိုသည်။