ရန်ကုုန်မြို့ ၊ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်ဖော်၂ ဦး နှိပ်စက်ညှဉ်းပန်းခံရမှုကုုိ ကျေအေးရန် ကနဦး ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သော မြန်မာ အမျိုး သားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင်များသည် လူ့အခွင့် အရေး ချိုးဖောက်မှု ကိုု ထိမ်ချန်သည့် အမှု ကျူးလွန်ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် က တရားစွဲဆိုမည် ဖြစ်ကြောင်း သိရှိရသည်။
ဦးရောဘတ်စန်းအောင်က “ကော်မရှင်လူကြီးတွေကို မှုခင်းထိမ်ချန်မှုနဲ့ တရားစွဲဆိုဖို့ ခွင့်ပြုမိန့် ပေးဖို့ အတွက် နိုင်ငံတော် သမ္မတကြီးထံမှာ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံတော့မှာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် ရတာနဲ့ ရာဇဝတ် ကြောင်း အရ သူတို့ကို ကျနော်တို့ တရားစွဲပါမယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာ နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတော် ၏ အဆင့် မြင့် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သဖြင့် ၎င်းတို့ တရားစွဲဆိုရန် လုပ်ထုံး လုပ်နည်းအရ နိုင်ငံတော် သမ္မတ ထံသို့ ခွင့်ပြုမိန့် တောင်းဆိုရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၂၃/၂၀၁၄) ဖြင့် အဖွဲ့ဝင် များကိုလည်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရွေးချယ်ပြီး ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်း ပေး ထားခြင်း ဖြစ်သည်။
တရားစွဲဆိုမှုတွင် အထက်မြန်မာပြည်၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ခေါင်းဆောင် ဦးသိန်းသန်းဦး ၊ အောက်မြန်မာ ပြည်မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း တို့ အပါအဝင် ပြည်တွင်းမှ ဝါရင့် ရှေ့နေကြီးများလည်း ပါဝင်ဦးစီးဦးဆောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တရားရေးကို အရေးယူရန် အကြံပေးခြင်း မပြုဘဲ ကြီးသည့်အမှုကို ငယ်စေဟု ဆိုကာ ဥပဒေ ကြောင်း နားမလည်သည့် ဆင်းရဲနွမ်းပါးသူများကို တရားရင်ဆိုင်ရပါက လမ်းစရိတ်၊ ခရီး စရိတ်များ အခက်အခဲ ဖြစ် မည်ဟု ဆိုပြီး ငွေကြေးဖြင့် ကျေအေးစေခဲ့ခြင်းမှာ တရားခံကို သက်သာမှု ဖြစ်ရန် မှုခင်း ထိမ်ချန်မှုကို ထိထိ ရောက် ရောက် ကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
“ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် မှာ ပါသလို လူတိုင်းက တရားဥပဒေမှာ အညီအမျှ ဖြစ်စေရမယ် ဆိုတာ ပြဌာန်းချက် ကို ချိုးဖောက်တာ ဖြစ်တော့ ဒီလို ကော်မရှင်မျိုးကို တရားစွဲပြီး သင်ခန်းစာ ပေးမှ နောက် ထပ်ရှိ လာမယ့် ကော်မရှင်တွေလည်း ဒီလို မဖြစ်မှာ”ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံရှေ့နေများကွန်ယက်က အင်းဝအပ်ချုပ်ဆိုင်အမှု အပေါ် ကော်မရှင်နှင့် ရဲတပ်ဖွဲ့က လာဘ်စား ထား သည်ဟူ၍ ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တတ်နေသည်တို့ကိုလည်း ရှင်းရှင်းလင်း လင်း သိရှိနိုင်ရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကေ်ာမရှင်ကိုလည်း ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်မြို့ အခြေစိုက် ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းကလည်း “ကော်မရှင်က ရုံးချိန်း တွေ လာရမယ် ကုန်မယ် လို့ ပြောတာက ဥပဒေပညာရပ်နဲ့ ပြောရရင် Psycho သုံးပြီး တော့ ခြိမ်းခြောက် လိုက်တာပဲ။ ဒါကို လုံးဝ လက်မခံနိုင်ဘူး။ ဆရာရောဘတ်စန်းအောင် လုပ်သလို ကျနော်တို့ ရှေ့နေကွန်ရက် ကလည်း လိုအပ်တဲ့ နေရာ က ပါမယ်”ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ အင်းဝ အပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်သည့် အချက် အလက်များ၊ သတင်း မှတ်တမ်းများ၊ ဗီဒီယိုဖိုင်များကို စုဆောင်းလျက်ရှိပြီး ဥပဒေကြောင်းအရ အချက် အလက် များ စုံလင်ပါက နိုင်ငံတော် သမ္မတထံ ကော်မရှင်ကို တရားစွဲဆိုခွင့် တင်သွားမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရပါက လူကုန်ကူးမှုဆိုင်ရာ ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ၊ ၃၂၆ ၊ ၃၇၀ စသည်တို့ အပါ အဝင် မှုခင်းထိမ်ချန်မှု ပုဒ်မများဖြင့်လည်း တရားစွဲဆို သွားမည်ဟု သိရသည်။
လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကမူ ၎င်းတို့ ကော်မရှင်အပေါ် ဝေဖန်ပြောဆိုမှုများမှာ ဒီမိုကရေစီနည်း အရ လွတ်လပ်စွာ ပြောဆိုခြင်း ရှိသဖြင့် ပြန်လည်ဝေဖန်ရန် မရှိကြောင်း၊ အင်းဝအပ်ချုပ်ဆိုင်ကိစ္စတွင် ကော်မရှင် မှ မေတ္တာဖြင့် လူ့အခွင့် အရေးကို အခြေခံပြီး ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောဆို ထားသည်။
ပြစ်မှုကျူးလွန်သူ ၄ ဦးဖြစ်သည့် ဦးကုုိလတ် အသက် ၆၃ နှစ်၊ ဒေါ်တင်သူဇာ အသက် ၅၇ နှစ်၊ ကိုတင်မင်း လတ် (ခ) ဖိုက်ဇယ် အသက် ၃၇ နှစ်၊ မစုမွန်လတ် အသက် ၂၇ နှစ်တို့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း၊ ပြစ်မှု ကျူး လွန်သူ များကို ရန်ကုန်မြို့ ကျောက်တံတား ရဲ စခန်းက ပြစ်မှု နံပါတ် ၁၉၃/၂၀၁၆ ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။