မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု Rhode Island ပြည်နယ် US Naval War College (NWC) ကောလိပ်တွင် နိုင်ငံတကာ ရေကြောင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန် ထွက်ခွာခဲ့ကြောင်း သိရသည်။
ယင်းမှာ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကန့်သတ်ခဲ့သော စီးပွားရေး အရေး ယူပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့သည့် အချိန်မှစ၍ ပထမဆုံးအကြိမ် မြန်မာ့တပ်မတော်မှ အဆင့်မြင့် အရာရှိတဦး အမေရိကန်သို့ သွားရောက်ခြင်းဖြစ်သည်။
၎င်းသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခဲ့သော ၃ ရက်ကြာ ပြုလုပ်မည့် International Seapower Symposium (ISS) အပြည်ပြည်ဆိုင်ရာ ရေတပ်အင်အား ဆွေးနွေးပွဲသို့ အခြားအကြီးတန်း ရေတပ်အရာရှိများနှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
Navy War College ကောလိပ်၏ ၀က်ဆိုဒ်တွင် ဖော်ပြထားသော ကြေငြာချက်အရ နိုင်ငံပေါင်း ၁၁၀ မှ ရေတပ် ထိပ်တန်းအရာရှိများ၊ ကမ်းခြေစောင့် အရာရှိများအပါအဝင် ထိပ်တန်းအရာရှိ ကိုယ်စားလှယ်များမှာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြောင်း သိရသည်။
ISS သည် သမိုင်းတလျှောက်တွင် ရေတပ်ခေါင်းဆောင်များ အများဆုံး စုဝေးသည့် အစည်းအဝေးဖြစ်လာကြောင်း၊ နိုင်ငံတကာမှ ထိပ်တန်း ရေတပ်ခေါင်းဆောင်များအတွက် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို မျှဝေ၍ ဆွေးနွေးအဖြေရှာရန် ဖိုရမ်တခုဖြစ်ကြောင်း ထိုကြေငြာချက်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို မကြာခင် ဖြေလျော့ပေးသွားမည်ဟု ကတိပေးခဲ့သော်လည်း မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် မြောက်ကိုရီးယားနှင့် စစ်လက်နက်ပစ္စည်းများ ကုန်သွယ်မှုရှိနေသည့် ကိစ္စရပ်များအတွက် ဆန်ရှင်ပိတ်ဆို့မှုတချို့ ဆက်လက်ကျန်ရှိဦးမည် ဖြစ်ပြီး၊ ယခင်စစ်တပ်အဖွဲ့ဝင်ဟောင်းများနှင့် လက်ရှိစစ်အရာရှိ အချို့တို့ကိုလည်း အမေရိကန်သို့ ပြည်ဝင်ခွင့် ဗီဇာပိတ်ထားဆဲဖြစ်သည်။
သို့သော် ကွဲကွဲပြားပြားမသိရသေးသည်မှာ မည်သူများကို အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ထားသည်နှင့် မည်သည့်အခြေအနေတွင် ပြန်လည်ခွင့်ပြုပေးမည် ဆိုသည့်အချက် ဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်ရေ၏ အမေရိကန် ခရီးစဉ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Scot Marciel အား စက်တင်ဘာလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှ မေးမြန်းခဲ့ရာ ထိပ်တန်း တပ်မတော်အရာရှိနှင့် အရာရှိဟောင်းများ အမေရိကန်သို့ သွားရောက်ရေးအတွက် ပြည်ဝင်ခွင့်ရရှိ ရန်မှာ အလွန်ခက်ခဲကြောင်း၊ သို့သော် သီးခြား (စစ်ဘက်ဆိုင်ရာ) ကိစ္စရပ်များအတွက် ခြွင်းချက်ရှိကြောင်း ပြောသည်။
ISS အစည်းအဝေးသည်လည်း ယင်းအစီအစဉ်တစ်ရပ်အဖြစ်ထဲတွင်ပါ၀င်ကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံနှင့် စစ်တပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စေ့စပ် ညှိနှိုင်းခဲ့ပြီး လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စများ၊ ပရော်ဖက်ရှင်နယ်ဆန်သော အရာရှိများ နှင့် လူ့အခွင့်အရေးများ ကိစ္စများကို အဓိကထားဆောင်ရွက်ခဲ့ပြီး၊ အရပ်သားများ၏ စောင့်ကြည့်လေ့လာမှုဖြင့် မြန်မာ့တပ်မတော်အား ပရော်ဖက်ရှင်နယ်ဆန်သော ကာကွယ်ရေးတပ်ဖွဲတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီးနောက် အမေရိကန် စစ်တပ်နှင့် မြန်မာစစ်တပ်အကြား နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည် တည်ဆောက်ရန် နိုင်ငံတာကာမှ ကျွမ်းကျင်သူများနှင့် ပညာရှင်များက အမေရိကန်လွှတ်တော်အမတ်များအား တောင်းဆိုခဲ့ကြသည်။