အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူ အလုပ်သမ ၂ ဦး ညှဉ်းပန်း နှိပ်စက်ခံရမှုကို ဖြေရှင်းရာတွင် လူ့အခွင့်အရေး ကော်မရှင် သည် နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိသဖြင့် ယင်းအဖွဲ့ဝင်တချို့ကို ထိရောက်စွာ အရေးယူပေးရန် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်က အစိုးရကို တိုက်တွန်းလိုက်သည်။
ဒေါ်ပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချိုက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့် အရေး များကို ကာကွယ် စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်မပေးသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ အဖွဲ့ဝင် တချို့အား ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အရေးကြီးအဆို”ကို တင်ပြခဲ့ရာ ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
“ကော်မရှင်မှာ ကြိုးစားပမ်းစား ဆောင်ရွက်နေကြသူတွေ ရှိသလို တချို့ကလည်း တည်ဆဲ ဥပဒေတွေကို ချိုးဖောက် လိုက်သူ တွေလည်း ရှိနေပြီဆိုတာ ပေါ်လွင်နေပါပြီ။ ကိုယ်အင်္ဂါ ပျက်ယွင်းမှုတွေကို လျော်ကြေးငွေနဲ့ ကျေအေးခဲ့ရတဲ့ အဖြစ်အပျက်၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ချိုးဖောက်ပြီးတော့ အချိန်တိုတိုအတွင်းမှာ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေ အတွက်ပါ” ဟု ဦးပြံုးချိုက လွှတ်တော်တွင် ပြောသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင်များက အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ် နှစ်ဦးအား ကိုယ်လက် အင်္ဂါချို့ယွင်းသည် အထိ နှိပ်စက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တွင် မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ ဘက်မှ တစုံတရာ အကာအကွယ် ပေးနိုင်ခဲ့ခြင်း မရှိဟုလည်း သုံးသပ်ခဲ့ကြသည်။
“နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မကာကွယ်နိုင်တဲ့ သူတွေဟာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးကို နောက်ပြန် ဆုတ် နေတဲ့၊ အတူတကွ လိုက်ပါဖို့ကို တွန့်ဆုတ်နေသူတွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်”ဟု ဦးပြံုးချိုက ပြောသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ရန်ကုုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ကော်မရှင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါ်မြမြတို့ ဦးဆောင်ပြီး “အင်းဝ အပ်ချုပ်ဆိုင်မှ အမျိုးသမီး အိမ်အကူ ၂ ဦးအား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းမှု”ခေါင်းစဉ်ဖြင့် တွေ့ဆုံပွဲ တခုပြုလုပ်ခဲ့ပြီး ခံရ သူများကို လျော်ကြေးငွေဖြင့် ညှိနှိုင်းပေးခဲ့သည်။
“ကျေအေးလို့ မရနိုင်တဲ့ ပုဒ်မတွေမှန်း သိရဲ့သားနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ ပါ၀င်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများဟာ ယခင် အစိုးရဌာန အသီးသီးမှာ ပါ၀င်ခဲ့စဉ်က မြန်မာနိုင်ငံ ရဲ့တပ်ဖွဲ့ရဲ့ အဆင့်မြင့် အရာရှိ၊ အကျဉ်းဦးစီးဌာနရဲ့ အဆင့်မြင့် အရာရှိတွေအဖြစ် တာဝန် ထမ်းဆောင်ခဲ့ရဲ့သားနဲ့ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမှာ အခုလို ကျေအေးလို့ မရဘူးဆိုတာ မသိခဲ့ ဘူးလား”ဟုလည်း ဦးပြံုးချိုက မေးခွန်းထုတ်သည်။
အထက်ပါ ကော်မရှင် အဖွဲ့ဝင် ၃ ဦးသည် အမျိုးသမီးငယ် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုမှန်း သိလျက်နှင့် ဥပဒေကြောင်းအရ နိုင်ငံသားများကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများသည် မိန်းမသားများ၊ ကလေးသူငယ်များ ဖြစ်နေခြင်း၊ ၄င်းတို့၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာဒဏ်ချက် ရရှိမှုများ၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုခံရမှုနှင့် လုပ်ခ ခေါင်းပုံဖြတ်ခံရမှုများသည် ပြည်သူလူထု နားထဲတွင် ၀င်မဆန့်အောင် မကြားချင်လောက်အောင် ကြားနေရသည့် စကားလုံးများ ဖြစ်နေပါပြီဟု လွှတ်တော် ကိုယ်စားလှယ် တချို့ကလည်း ဆွေးနွေးခဲ့သည်။
ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင် ကလည်း“အဲဒီလိုမျိုး အစိုးရအဖွဲ့က မဟုတ်တာ လုပ်တယ် ဆိုရင်တောင်မှ ကော်မရှင်က ထောက်ပြနိုင်တဲ့ အရည်အချင်းမျိုး ရှိရမယ်။ ပြီးရင် ဥပဒေကြောင်းအရ ဆောင် ရွက် နိုင်အောင် လုပ်ပေးရမယ်။ အခုက အစိုးရနဲ့ အဆင့်တောင် မဟုတ်သေးဘူး။ အပြင် စီးပွားရေး လုပ်ငန်းတွေ သာမန် ပြည်သူလူထုတွေနဲ့ ဖြစ်တာကိုတောင် မဖြေရှင်းနိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လွှတ်တော်တွင် ဆွေးနွေးမှုများ အပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလေးထား စောင့်ကြည့်နေပါသည်ဟု နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတော် သမ္မတရုံး အနေဖြင့် ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းတို့အား စိစစ် မေးမြန်း ခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည့် ကာယကံရှင်များ၊ ယင်းတို့၏ မိသားစုဝင်များနှင့် သတင်းပေး တိုင်ကြားမှု ပြုလုပ်ခဲ့သည့် တာဝန်သိ ပြည်သူတစ်ဦးတို့အား လုံခြံုရေးအရ စောင့်ရှောက် ကာကွယ်မှုများ ဆောင်ရွက်ပေး ရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ ညွှန်ကြားထားသည်ဟု ဆိုသည်။
အဆိုပါ လူ့အခွင့်အရေး ကော်မရှင်သည် သြဂုတ်လအတွင်းက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တခုတွင် ကော်မရှင်၏ ညံဖျင်းသည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရဖူးသည်။
ထိုစဉ်က အစိုးရဝန်ကြီးဌာနများက အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုချက်များကို လိုက်နာစေရန် ပြုလုပ် မှုနှင့် ကြီးကြပ်စောင့်ကြည့်ခြင်းတို့ အားနည်းခြင်းကြောင့် ည့ံဖျင်းသော မှတ်တမ်းကို ထောက်ပြပြီး လွှတ်တော် ကိုယ် စားလှယ် တချို့က လက်ရှိ လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်း၍ အသစ်ထပ်ဖွဲ့စည်းရန်အထိ တောင်းဆိုမှုများလည်း ရှိခဲ့ဖူးသည်။