ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တရားမဝင် တည်ဆောက်ထားသော ဗလီများ၊ ကျောင်းများ၊ လူနေအိမ်များ နှင့် အခြားသော အဆောက်အအုံများကို ဖျက်သိမ်းရန် ပြီးခဲ့သည့်တနင်္ဂနွေက ကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးရုံး အစည်းအဝေး၌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက အမိန့်ပေးခဲ့ကြောင်း ဒေသတွင်း သတင်းစာ ရခိုင်ဂေဇက်၏ သတင်းတပုဒ်အရသိရသည်။
အာဏာပိုင်များ၏ ခွင်ပြုချက်မရှိဘဲ တည်ဆောက်ထားသော အဆောက်အဦးများမှာ ဗလီ ၁၂ လုံး၊ အာရဗီ ဘာသာ စကားသင်ကျောင်း ၃၅ ကျောင်း၊ အိမ် ၂၅၃၄ လုံး၊ စျေးဆိုင် ၆၀၄ ဆိုင် နှင့် အခြားအဆောက်အအုံ ၁၃၂ လုံး ရှိကြောင်း ဒေသခံလူဝင်မှု ကြီးကြပ်ရေး အရာရှိတဦးက ပြောသော်လည်း အဆောင်အအုံမည်မျှ ဖျက်သိမ်းမည်ကို တိတိကျကျ မသိရသေးပေ။
ယင်းအစည်းအဝေးတွင် ဗိုလ်မှူးကြီးထိန်လင်းက တက်ရောက်လာသည့် မွတ်စလင်ဘာသာရေး ခေါင်းဆောင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ယင်းတရားမဝင် အဆောက်အဦများကို ဖျက်သိမ်းရန် တရားဝင်ညွှန်ကြားချက် အမြန် ဆုံး ထုတ်ပြန်မည်ဟု ပြောကြောင်း ရခိုင်ဂေဇက်က ဆိုသည်။
“ညွှန်ကြားချက်ကို မလိုက်နာတဲ့သူတွေကို ကျနော်တို့ အရေးယူမယ်။ တနှစ်ပြီးတနှစ် အရေအတွက်က များလာနေ တော့ ဒီတရာမဝင် အဆောက်အအုံတွေကို ကျနော်တို့ လျစ်လျူရှုထားလို့ မဖြစ်ပါဘူး” ဟု ဗိုလ်မှူးကြီး ထိန်လင်းက ဆိုကြောင်းလည်း ရခိုင်ဂေဇက်သတင်း၌ ဖော်ပြထားသည်။
တက်ရောက်လာသည့် မွတ်စလင် ကိုယ်စားလှယ်များကလည်း ဆင်းရဲနွမ်းပါးသူများ၏ ဘဝအဆင်ပြေစေရေးကိုလည်း ထည့်သွင်းစဉ်းစားပေးပါရန် ပြည်နယ်လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား တိုက်တွန်းခဲ့သည်။
ရခိုင်ပြည်နယ်၌ လူဦးရေ ၁ သန်းကျော်ရှိသော မွတ်စလင်များသည် ပြည်နယ်လူဦးရေ၏ သုံးပုံတပုံခန့်ရှိပြီး မည်သည့် ပုံစံဖြင့်မဆို နိုင်ငံသားဖြစ်ခြင်မှ ငြင်းပယ်ခံနေရသည်။ ဗုဒ္ဓဘာသာရခိုင်များကလည်း ထိုသူများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီများဖြစ်သည်ဟု ဆိုသည်။
မောင်တောမြို့နယ်မှ မွတ်စလင်များသည် ထိုနေရာတွင် နေထိုင်လာကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ် သော်လည်း ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက် မပါဘဲ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းကို ခွင့်မပြုခဲ့ကြောင်း ရှေ့နေဟောင်း ဦးကျော်လှအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“အဆောက်အအုံ တည်ဆောက်ခွင့်၊ ပြုပြင်ခွင့်မရှိပဲ၊ သူတို့ဒီမှာနေလာတာ အနှစ် ၂၀ ကျော်နေပြီ။ သူတို့ ဘယ်မှာ နေမလဲ၊ မြေကြီးပေါ်မှာ နေရမှလား” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့် ထိုတနင်္ဂနွေနေ့ အစည်းအဝေးသို့ တက်ရောက် ခဲ့သော မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မည်သူမျှ တစုံတရာ ဝေဖန်ကောက်ချက် ပေးခြင်း မရှိကြပေ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က သူ၏ မဲဆန္ဒနယ် မြေ၌ ရပ်ကွက်တခုလျှင် အနည်းဆုံး ဗလီတခု သို့မဟုတ် ဝတ်ပြုရန် နေရာတခုရှိသည်ဟု ပြောသော်လည်း ထိုအဆောက်အအုံများမှာ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားခြင်း ဟုတ် မဟုတ် အတည် မပြုနိုင်ပေ။
ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထိုကဲ့ သို့သော အဆောက်အအုံများ၏ အမှန်တကယ် အရေအတွက်မှာ အစိုးရ၏ ကိန်းဂဏန်းများထက် ပိုမိုများပြားကြောင်း၊ သူ၏ မဲဆန္ဒနယ်မြေတွင် တရားမဝင် ဘာသာရေးအဆောက်အအုံ အနည်းဆုံး ၄၀၀ ကျော်ကို နှစ်ပေါင်းများစွာ အတွင်း တည်ဆောက်ခဲ့ကြကြောင်း ပြောသည်။
မည်ကဲ့သို့ ဘာသာရေး အဆောက်အအုံများကို တရားမဝင် အဆောက်အအုံဖြစ်သည် ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း နှင့် အခြား ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများသည်လည်း ထိုသတ်မှတ်ချက်နှင့် ကိုက်ညီခြင်း ရှိမရှိ ရှင်းလင်းပြောကြားပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ဆန်းဝင်းကို ဧရာဝတီသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း သူကပြောဆိုရန် ငြင်းဆိုပြီး ပြည်နယ်နှင့် တိုင်း အစိုးရများနှင့်သာ ဆွေးနွေးမေးမြန်းရန်အကြံပြုခဲ့သည်။
“ဒီလို ကိစ္စတွေကို ဒေသအစိုးရတွေကသာ ကိုင်တွယ်ဖြေရှင်းကြတယ်။ ၂၀၁၂ ခုနှစ် ကတည်းက သူတို့ကို လုပ်ပိုင်ခွင့် လွှဲပေးခဲ့တယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ စောစောပိုင်းက ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင် မီးရှို့ဖျက်စီးခြင်းခံရသည့် အဆောက်အဦး ကို ခွင့်ပြုချက်မရဘဲ တည်ဆောက်ထားသည့် တရားမဝင်ဗလီဟု သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြေညာ ခဲ့သည်။
ထို့အပြင် တရားမဝင် သတ်မှတ်ထားသော ဘုန်းကြီးကျောင်း ၂၈၃ ကျောင်း ရှိပြီး နေပြည်တော်ကောင်စီနယ်မြေရှိ တရားမဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၂၄ ကျောင်းကို ဖြိုဖျက်ခဲ့ကြောင်း ၀န်ကြီးဌာန ကြေညာချက်၌ ဖော်ပြခဲ့သော် လည်း ခရစ်ယာန်နှင့် အစ္စလာမ်ကဲ့သို့သော အခြားဘာသာများ၏ ဝတ်ပြုရန် နေရာမည်မျှကို တရားမဝင် သတ်မှတ် ထားသည်ဟု ဖော်ပြခြင်းမရှိပေ။
ထို့အပြင် ဘုန်တော်ကြီးကျောင်းများ၏ ဝိနည်းကို ကြီးကြပ်ရန် အစိုးရက ခန့်အပ်ထားသည့် နိုင်ငံတော်သံဃ မဟာနယက အဖွဲ့၏ ထောက်ခံချက်ဖြင့် ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်း ၁၇၃ ကျောင်းနှင့် အခြား ပြည်နယ်နှင့် တိုင်းများရှိ ၈၆ ကျောင်းကိုလည်း တရားဥပဒေ လုပ်ထုံုးလုပ်နည်း အရ ဆောင်ရွက်နေသည် ဟု ဖော်ပြသည်။