သတင်း

ဘူးသီးတောင်- မောင်တောဒေသ လူဦးရေ ထိန်းချုပ်ပေးဖို့ လွှတ်တော်အမတ်ပြော

ရခိုင်ပြည်နယ်အတွင်း လူဦးရေတိုးပွားနှုန်း မြှင့်တက်နေသည့် ဘူးသီးတောင်- မောင်တောဒေသတွင် လူဦးရေ ထိန်းချုပ်နိုင်ရေး ဒေသတခုအဖြစ်သတ်မှတ်ပေးရန် လိုအပ်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

ကျန်းမာရေးဌာန၏ ခန့်မှန်းခြေစာရင်းများအရ ၎င်းဒေသတွင် နှစ်စဉ်တိုင်းရင်းသားလူဦးရေ တိုးပွားမှုမှာ ၀ ဒဿမ ၆ ရာခိုင်နှုန်းသာရှိပြီး ဘင်္ဂါလီများမှာ ၃ ဒဿမ ၅ ရာခိုင်နှုန်းတိုးပွားနေကြောင်း၊ လစဉ်မွေးဖွားနှုန်းတွင်လည်း တိုင်းရင်း သား ၆ ဦး၊ ဘင်္ဂါလီ ၈၅ ဦးနှုန်း မွေးဖွားနေကြောင်း သိရသည်။

ဦးအောင်သောင်းရွှေက “ဥပဒေအရ လူဦးရေထိန်းညှိကန့်သတ်ဖို့ ဒေသတခု အဖြစ်သတ်မှတ်ဖို့ အချက်အလက်တွေနဲ့ ကိုက်ညီနေတဲ့ ဒေသဖြစ်တယ်။ ဒီဒေသဟာ လူဦးရေပေါက်ဖွားမှု မြှင့်မားနေတဲ့ဒေသဖြစ်တဲ့ အတွက် ပြဋ္ဌားန်ထားတဲ့ ဥပဒေအရ ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အစိုးရအဖွဲ့က မလုပ်တာ တာဝန်ပျက်ကွက်တာပါပဲ” ဟု ဧရာဝတီသို့ပြောသည်။

ဘူးသီးတောင်- မောင်တောဒေသကို လူဦးရေထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဒေသအဖြစ် သတ်မှတ် ပေးရန် စက်တင်ဘာ ၂၂ ရက်နေ့ လွှတ်တော်အစည်အဝေးတွင် မေးမြန်းခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ဒေသသတ်မှတ်ရေးကို မလုပ်ဆောင်နိုင်ကြောင်းနှင့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့ကသာ သီးခြားအမိန့်စာထုတ်ပြန် သတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

လူဦးရေလျော့ချမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှ စစ်တမ်းကောက်ယူကာ လိုအပ်မည်ဆိုပါက ဝန်ကြီး ဌာနက အထူးကိစ္စရပ်အနေဖြင့် သွားရောက်ဆောင်ရွက်ကြောင်း၊ ဆေးပညာကျင့်ဝတ်အရ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် သားဆက်ခြားလိုကြောင်း ပြောမှသာ လုပ်ဆောင်ရကြောင်း ဝန်ကြီးဒေါက်တာမြင့်ထွေး ရှင်းလင်းပြောကြားခဲ့သည်။

မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်အနက် တိုင်းရင်းသားဦးရေမှာ ၄၉၀၀၀ နှင့် အခြား ၄၇၀၀၀၀ ကျော် ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ၃၄၀၀၀၀ ကျော်အနက် တိုင်းရင်းသားမှာ ၅၅၀၀၀ ကျော်နှင့် အခြား ၂၈၅၀၀၀ကျော် ရှှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီအရင်ခံစာ အခန်း ၁၂ ၊ ပုဒ်မ ၂၇၊ ၂၈ တို့တွင် မိသားစုသားဆက်ခြား စီမံကိန်းပြုလုပ်သင့်ကြောင်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် လူဦးရေ ထိန်းညှိရန်လိုအပ်သည်ဟု ရေးသားဖော်ပြထားသည်ကို ဦးအောင်သောင်ရွှေက လွှတ်တော်တွင် ပြောကြားခဲ့သည်။

လူဦးရေတိုးပွားနှုန်း ညှိနှိုင်းခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြည်ထောင် စုလွှတ်တော် ဥပဒေအမှတ် ၂၈ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့အတွင်း တရားမဝင် ဗလီများ နှင့် ကျူးကျော် နေအိမ်၊ အဆောက်အအုံများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောကြားခဲ့သည်။

Loading