သတင်း

KIA ကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့သည် စက်တင်ဘာ ၂၁ ရက်က စတင်၍ တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားလျက်ရှိရာ ယနေ့တွင်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ဘက်က ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း KIA ၏ ပြန်ကြား ရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဒုဗိုလ်မှူးကြီး နော်ဘူက “တပ်ရင်း ၃ နယ်မြေ၊ လိုင်ဖောင်ဘမ်နေရာမှာ နေ့လယ် ၂ နာရီကနေ ၂ နာရီခွဲအချိန်ထိ ဟယ်လီ ကော်ပတာ နှစ်စီးနဲ့ လာပစ်ပါတယ်။ အဲ့ဒီ နေရာက KIA ရဲ့ တပ်မဟာ ၅ လက်အောက်ခံ ၊ တပ်ရင်း ၃ လုံခြုံရေး နယ်မြေ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

လိုင်ဖောင်စခန်းသည် ဝိုင်းမော်မြို့နယ် အရှေ့ဘက် အစွန်ပိုင်းတွင် တည်ရှိပြီး KIA ၏ စစ်ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၅ နာရီ ခန့် ကားမောင်း သွားရသည့် အကွာအဝေးတွင် ရှိကြောင်း သိရသည်။

တပ်မတော် နှင့် KIA တို့သည် ဝိုင်းမော်မြို့နယ်အတွင်း စက်တင်ဘာလ အစပိုင်းကတည်းက မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်မှ စ၍ လိုင်ဖောင်စခန်း နှင့် ဘေးချင်း ကပ်လျက်ရှိသည့် KIA လှုပ်ရှား တပ်ရင်း ၂၅၂ အင်ခရမ် စခန်း အနီးတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားရခြင်းသည် တပ်မတော်ဘက်မှ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

အင်ခရမ်စခန်း အနီးတွင် စက်တင်ဘာလ ၂၂ ရက်ကလည်း ညသန်းခေါင်ယံ ၁၂ နာရီကျော်အထိ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

ထိုညပိုင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဒုဗိုလ်မှူးကြီး နော်ဘူက စက်တင်ဘာလ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်အထိ ခုခံ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ည၁၂ နာရီဝန်းကျင်တွင် KIA ဘက်မှ တန်ပြန် ထိုးစစ်ဆင်မှုများလည်း ပြုလုပ်ခဲ့ သည်ဟု ရှင်းပြသည်။
ယနေ့ နေ့လည် ၂ နာရီဝန်းကျင်တွင်လည်း တပ်ရင်း ၂၅၂ အနီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ တနာရီကြာ ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

ယခု ရက်ပိုင်းအတွင်း KIA တပ်စခန်းများအနီး တိုက်ပွဲများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ ဒုဗိုလ်မှူးကြီး နော်ဘူက “ကျနော်ထင်တာက ငြိမ်းချမ်းရေးဆိုတဲ့ ညီလာခံ တက်ဖို့က NCA ထိုးရမယ် ဆိုတဲ့ သူတို့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒါက ကျနော်တို့က NCA လက်မှတ်မထိုးသေးတဲ့ အတွက် သူတို့က ဖိအား ပေးတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောဆို သည်။

ထို တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက် ထိခိုက်ကျဆုံးမှု စာရင်းများကိုမူ မသိရှိရသေးပါ။

လက်ရှိ တပ်မတော်နှင့် KIA ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တပ်မတော်က ၎င်းတို့ဘက်မှ ရှမ်းနီပြည်သူ့စစ် နှင့် ကချင် ပြည်သူ့စစ် အဖွဲ့ (လဆာန်အောင်ဝါ အဖွဲ့) တို့ကို စစ်အင်အားကူပေးရန် အမိန့် ပေးထားကြောင်းလည်း စုံစမ်း သိရှိ ရသည်ဟု KIA က ပြောသည်။

ထို့အပြင် ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်ရင်း (၆) စခန်းများ ပတ်ဝန်းကျင်တွင်လည်း တပ်မတော်ဘက်မှ အင်အား တိုးချဲ့လာသည့် သတင်းများ ရရှိထားသည်ဟု KIA ထံမှ သိရသည်။

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှု မရှိသေးသော်လည်း ယနေ့ နေ့လယ်က ရှမ်းနီပြည်သူ့စစ် ခေါင်းဆောင် ဦးမျိုးမင်းထွန်းကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လက်ရှိတွင် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင် ထားရသည်ဟု လည်း သတင်းရရှိသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ KIA ဘက်က သတင်း ရရှိသော်လည်း ရှမ်းနီပြည်သူ့စစ် ခေါင်းဆောင် ဦးမျိုးမင်းထွန်းကို ပစ်ခတ် သွားသူသည် မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ကို မသိရှိရသေးဟု ဆိုသည်။

တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်ကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပါ။

ထို့အပြင် အထက်ပါ ဖြစ်စဉ်များ၊ တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဧရာဝတီက မေးမြန်းရာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် ညှိနှိုင်းရေး တာဝန်ယူထားသော ငြိမ်းချမ်းရေး ကော်မရှင်၊ ဆပ်ကော်မတီ (၂) မှ တာဝန်ရှိသူ များကို မေးမြန်းရန် ၎င်းက ပြန်လည် ပြောဆိုခဲ့သည်။

NRPC ကို ဆက်သွယ်ခဲ့သော်လည်း ပြောရေးဆိုခွင့် ရှိသူများက ပြည်ပခရီး သွားရောက်နေ၍ ဖြေကြားမည့်သူ မရှိကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။

KIA မှာ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသော်လည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပါဝင်ရန် KIA က အစိုးရနှင့်ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း တပ်မတော်နှင့်မူ မကြာခဏ ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading