မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေးစနစ် ပေါ်ပေါက်လာစေရေး တရားရေးဝန်ကြီးဌာန ဖွဲ့စည်းပေးရန် အစိုးရနှင့် လွှတ်တော်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများက တိုက်တွန်းတောင်းဆိုလိုက်သည်။
စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP) မှ ရေးသားပြုစုထားသော “မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးအလားအလာ” အစီရင်ခံစာမိတ်ဆက်ပွဲ ၌ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးက “အကျဉ်းသားတယောက်က သူ့အခွင့်အရေး နစ် နာဆုံးရှုံးလို့တိုင်ပြီဆိုရင် အကျဉ်းထောင်နဲ့ သဘောက ပြည်ထဲရေးနဲ့မပတ်သက်တဲ့ ယုံကြည်အားကိုးလောက်တဲ့ တခြား တယောက်ဖြစ်ဖို့လိုတယ်။ အဲဒါသည် တကယ်က တရားရေးဝန်ကြီးဌာနပဲ” ဟု ပြောသည်။
သို့သော် တရားရေးဝန်ကြီးဌာန အသစ်ဖွဲ့စည်းရေးကိစ္စသည် အလွန်ကျယ်ပြန့်သောကြောင့် အစိုးရ၊ လွှတ်တော်၊ အရပ် ဖက်အဖွဲ့အစည်း၊ နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ်သေသေချာချာဆွေးနွေးမှုများပြုလုပ်သွားရန်လို အပ်ကြောင်း ၎င်းက ဆိုသည်။
တရားရေးဝန်ကြီးဌာန ဖွဲ့စည်းကာ အကျဉ်းထောင် စီမံအုပ်ချုပ်ရေးကို ယင်းဌာန လက်အောက်သို့ လွှဲပြောင်းပေးရန်၊ တရားရေးဝန်ကြီးဌာနသည် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးတွင် အရေးပါသည့် တရားဥပဒေစိုးမိုးမှုအား လေးစား လိုက်နာမှု၊ အကျဉ်းထောင်ယဉ်ကျေးမှုအား ပြစ်ဒဏ်ပေးခြင်းမှ ပြန်လည်ပြုစုပျိုးထောင်ပေးခြင်းသို့ ပြောင်းလဲစေခြင်း၊ အကျဉ်းထောင်ကဏ္ဍ၏ ၀န်ထုပ်ဝန်ပိုးများအား လျှော့ချပေးခြင်းနှင့် စိတ်ထင်သလို ထောင်သွင်းအကျဉ်းချခြင်းများအား တားမြစ်ကန့်သတ်ရန်အတွက် အထောက်အကူဖြစ်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
အစီရင်ခံစာကို ၂ နှစ်ကြာ အချိန်ယူပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ် ချက်များ၊ ဖြစ်နိုင်ခြေများနှင့် အကျိုးကျေးဇူးများအား လေ့လာသုံးသပ်တင်ပြထားပြီး အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများသို့ အကြံပြုတိုက်တွန်းထားကြောင်း သိရသည်။
အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများက အင်တိုက်အားတိုက်ဆောင် ရွက်သွားမည်ဖြစ်ကာ သုတေသန အစီရင်ခံစာများကိုလည်း ထပ်မံ လုပ်ဆောင်သွားရန်ရှိကြောင်း၊ ယခုပြုလုပ်သည့် အစီရင်ခံစာတွင် အစိုးရ၏ ပူးပေါင်းပါ၀င်မှု အလွန်အားနည်းခဲ့ရာ လက်လှမ်းမီသမျှသာ ပြုလုပ်ခဲ့ကြောင်း၊ ထပ်မံပြုလုပ်မည့် သုတေသနအစီရင်ခံစာများတွင် အစိုးရ၏ ပူးပေါင်းပါ၀င်မှု ပိုမိုလိုအပ်ကြောင်း AAPP မှ ဦးဘိုကြည်က ပြောသည်။
ဦးဘိုကြည်က “အစီရင်ခံစာဟာ လုံးဝ အပြည့်စုံကြီး မဟုတ်သေးပါဘူး။ ကျနော်တို့လက်လှမ်းမီသလောက်နဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ တကယ်ပြည့်စုံအောင်လုပ်ဖို့ဆိုရင် အကျဉ်းထောင်နဲ့ပတ်သက်တဲ့အချက်အလက်တွေ အများကြီးလိုပါတယ်။ အထူးသဖြင့်တော့ အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှု အများကြီးလိုအပ်ပါတယ်” ဟု ဆိုသည်။
အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးအခြေခံအဖြစ် အကျဉ်းထောင်ဆိုင်ရာအချက်အလက်များကို နိုင်ငံတော်လျှို့ဝှက် ချက်အဖြစ် မသတ်မှတ်သင့်တော့ကြောင်း၊ မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ရဲဘက်စခန်း၊ အကျဉ်းသား အရေအတွက် စသည့် အချက်အလက်များကို တရားဝင်ဝက်ဘ်ဆိုက်များဖြင့် ဖော်ပြထားသင့်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသား အရေးဆောင်ရွက်နေသူများက လက်ရှိအကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများအပေါ် ပြုကျင့် ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူမဆန်စွာ ရက်စက်မှုများအတွက် လွတ်လပ်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးရေး တခု ဖော်ဆောင်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေး သဘောတူစာချုပ် (UNCAT) တို့ အား လက်မှတ်ရေးထိုးရန် အစိုးရအား တောင်းဆိုထားသည်။