အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူ အမျိုးသမီးငယ် ၂ ဦး ညှဉ်းပန်း နှိပ်စက်ခံရမှုကို ဖြေရှင်းရာတွင် လူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံသား များ၏ မူလ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိသဖြင့် အဖွဲ့ဝင် တချို့ ကို ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည်။
ယင်းအဆိုကို မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁ မဲနှင့် ကြားနေမဲ ၈ မဲ တို့ဖြင့် အတည်ပြုခဲ့သဖြင့် လွှတ်တော်၏ တိုက်တွန်းချက်ကို အစိုးရအနေဖြင့် အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က“လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်ကတော့ ပြီးသွားပြီ။ ကော်မရှင်က လူတွေကို ဥပဒေကြောင်းအရ အရေးယူမှာလား။ မယူဘူးလား ဆိုတာကတော့ အစိုးရက ဆုံးဖြတ်ရမှာပါ”ဟု မီဒီယာများသို့ ပြောသည်။
သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ကော်မရှင်၏ သမ္မတရုံးသို့ တင်ပြချက်အပေါ် မူတည်၍ အင်းဝ အပ်ချုပ်ဆိုင် အမှုကိစ္စကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“လွှတ်တော်ကလည်း သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတရုံးဆီကို ပို့မယ်။ ကျနော်တို့ကလည်း ကော်မရှင်ကို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတရုံးကို စောလျင်စွာ တင်ပြဖို့ ညွှန်ကြားထားတယ်။ အဲဒီ ၂ ခုအပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်မှာပါ”ဟု ပြောသည်။
သို့သော် အင်းဝ အပ်ချုပ်ဆိုင် အမှုကိစ္စကို အဓိက တာဝန်ယူ ဖြေရှင်းခဲ့သူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့် အရေးဌာနမှ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းကမူ “သဘောရိုးဖြင့်” ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း လွှတ်တော်တွင် ခုခံခဲ့သည်။
“အင်းဝ အပ်ချုပ်ဆိုင် အမှုဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ လိုအပ်သလို စိစစ် အရေးယူ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားခဲ့ကြောင်းနဲ့ ဒုတိယအချက်မှာ နစ်နာသူများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါ ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်”ဟု ဦးဇော်ဝင်းက ပြောသည်။
ယနေ့ အဆိုကို ဆွေးနွေးသူ အများစုကမူ ကော်မရှင်၏ လုပ်ဆောင်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကော်မရှင်ကို ထိထိရောက် ရောက် အရေးယူရန် တိုက်တွန်းခဲ့ကြသည်။
ဗုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က“သမ္မတက အရေးယူတာ၊ အစိုးရအဖွဲ့က အရေးယူတာကို ထိုင်စောင့် နေမယ့်အစား ကိုယ့်ဘာသာကိုယ် အရေးယူသင့်ပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးသည်။
အင်းဝအပ်ချုပ်ဆိုင် မိသားစုသည် ရာဇဝတ်မှု အကြိမ်ကြိမ် ကျူးလွန်ခြင်း၊ နိုင်ငံသား အခွင့်အရေးများကို အကြိမ်ကြိမ် ချိုးဖောက်ခြင်းများ ကျူးလွန်ခဲ့သည်ကို ဥပဒေ အရ ထိရောက်စွာ အရေးယူရမည့် အစား ငွေကြေးညှိနှိုင်းခဲ့သည့် ကော်မရှင်၏ လုပ်ရပ်သည့် လူ့အခွင့်အရေး ကော်မရှင်၏ အခန်းကဏ္ဍကို သေးသိမ်စေကြောင်း ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက လွှတ်တော်တွင် ပြောသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပါတယ်။ ဖြစ်ပွားမှု အတိမ်အနက်ကို မသိဘဲ ဥပဒေကြောင်းအရ အမြင့်ဆုံး ပြစ်ဒဏ် ပေးရမယ့်အစား အနိမ့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ငွေကြေးနဲ့ ဖြေရှင်းစေခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ လုပ်ရပ်ကြောင့် တမျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေခဲ့ပါတယ်”ဟု ဦးတင်ထွေးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၈ တွင် နိုင်ငံတော်သည် ကျေးကျွန်ပြုမှု၊ လူကုန်ကူးမှုကို တားမြစ်သည်ဟု ဖော်ပြထားကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက ဆိုသည်။
ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ကော်မရှင် အသစ်တွင် ပြည်သူပေးသော လစာကို ယူ၍ ကုလားထိုင်ပေါ်တွင် မှိန်းမနေဘဲ မြေပြင်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာနိုင်သူများကို ခန့်ထားရန် ၄င်းက အကြံပြုခဲ့ပြီး ယခင် အစိုးရ လက်ထက်က ရာထူးကြီးကြီး ရခဲ့သူများကို တာဝန်မပေးရန် မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက အစိုးရကို တိုက်တွန်းခဲ့သည်။
“မိမိကိုယ်သိ မိမိသည် အရာရာတတ်နေသည်ဟု ယူဆနေသူ မိမိ ကိုယ်မိ မာန်တက်နေသူသည် မိမိကိုယ်မိမိ တိုးတက်ပြောင်းလဲမှု ရှိအောင် မလုပ်ဘဲ မာန်တက်နေသည့် မျက်နှာ၊ မာန်တက်နေသည့် ပြောဆိုမှုများကို အသက်ပြီးသူ ရာထူးကြီးသူများတွင် တွေ့ရှိရပါသည်။ အသက်ကြီးတိုင်း ရာထူးကြီးရတိုင်း အသိညဏ် မမြင့်မားပါ” ဟု သူက လွှတ်တော်တွင် ဆွေးနွေးသည်။
ကော်မရှင် အဖွဲ့ဝင်တချို့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒေါ်စုကြည်ဟု လည်းကောင်း၊ ကျမလည်း တခါတရံ အိမ်ဖော်မလေးများ ကို ရိုက်နှက်တာပါပဲဟု လည်းကောင်း ပြောကြားခြင်းသည် တရား ဥပဒေကို ချိုးဖောက်ပြီး သူတပါး၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားမှု များ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။
“ကော်မရှင်ဟာ မည်သို့ပင် ခုခံကာကွယ် ပြောကြားစေကာမူ လူမဆန်စွာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတခုကို ငွေကြေးနဲ့ ဖုံးဖိဖို့ ကြားဝင် စွက်ဖက် ကြိုးစားရာ ရောက်ခဲ့ပါတယ်”ဟု ဦးထွန်းမြင့်က ပြောဆိုခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ်များဘက်က လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များသည် အားနည်းချက်များ ရှိသည်ဟု ဝေဖန်ပြောဆိုသော်လည်း ကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမူ ယခုကိစ္စနှင့် ပတ်သက်၍ တစုံတရာ ၀င်ရောက်ဆွေးနွေးခဲ့ခြင်း မရှိပါ။
အင်းဝအပ်ချုပ်ဆိုင် နှိပ်စက်မှုကို ရဲတပ်ဖွဲ့နှင့် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့သူ Myanmar News Now မှ ကိုဆွေဝင်းက “လူမဆန်စွာ ဆုံးဖြတ်နေမှုကို မကျေနပ်ဘူးလို့ ကော်မရှင်ရုံးမှာ အော်ဟစ်ခဲ့တယ်။ တရားဥပဒေက ခွင့်ပြုသမျှ အမြင့်ဆုံးကို တက်လှမ်းမယ်။ မိုးဆုံး၊ မြေဆုံးထိ လျှောက်မယ်လို့ ဝမ်းနည်းစွာ အော်ဟစ်ခဲ့မှုဟာ သစ္စာတရားရဲ့ အစွမ်းနဲ့ အမှန်တကယ် ဖြစ်လာခဲ့တယ်။ အားလုံးကျန်းမာကြပါစေ။ လောကဓမ္မရဲ့ အလင်းတန်းများ ကမ္ဘာတဝှမ်းနေရာအနှံ့ ကျရောက်ပါစေ”ဟု သူ၏ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။