သတင်း

မြိတ်တွင် မူးယစ်ဆေးဖမ်း ရဲတပ်ဖွဲ့ ဓားဖြင့် တိုက်ခိုက်ခံရပြီး တရာခံများ ထွက်ပြေးနေ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြို့မ ၂ ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း မူးယစ်ဆေးဝါးဝင်ရောက် ဖမ်းဆီးသည့် တပ်ဖွဲ့ဝင်များအား အိမ်ရှင်များမှ ဓားကိုယ်စီဖြင့် ပြန်လည်တိုက်ခိုက်ကာ ထွက်ပြေးတိမ်းရှောင်မှု စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြိတ် ရဲတပ်ဖွဲ့မှူး ရုံးက သိရသည်။

အမှတ် ၄ နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးရာတွင် အိမ်ရှင် အမျိုးသမီး နှင့် သားဖြစ်သူ ၂ ဦးက ဓားကိုယ်စီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင်တဦး လက်တွင် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးမှာ ခြံစည်းရိုးပေါ် ခုတ်ကျော်ရာက ပုလင်းကွဲရှသည့် ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမင်းက ပြောပြသည်။

ရဲမှူး အေးမင်းက “သူတို့က တိုက်ခိုက်ပြီး ကားနဲ့ထွက်ပြေးသွားတာ၊ ဖမ်းမိရေးကို ကျနော်တို့ အပူတပြင်း လုပ်နေပါပြီ၊”ဟု လည်း ပြောသည်။

ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သူများမှာ ကားဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းနေအိမ်အတွင်းမှ မူးယစ်ဆေးဝါး ၁၂ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဓားနှစ်လက်ကို သိမ်းဆည်းရမိ ထားကြောင်း သိရသည်။

မြိတ်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက “မူယစ် တရားခံတွေကို အင်အား သုံးဖို့ လိုအပ်ပါတယ်၊ လွန်ခဲ့တဲ့ ၂ လလောက်ကလည်း ထားဝယ် ဘက်မှာ မူးယစ်ဖမ်းရင်း တရားခံတွေဘက် က ပြန်ပစ်လို့ ရဲတပ်ဖွဲ့ဝင်တဦး ကျဆုံးရတဲ့ ဖြစ်စဉ် ရှိခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တိုက်ခိုက်တိမ်းရှောင်လျက် ရှိသူများအား မြိတ်မြို့ရဲစခန်းက မူးယစ်ဆေးဝါးမှုအပြင် တပ်ဖွဲ့ဝင်များ အား ဒဏ်ရာရရှိစေမှုတို့ဖြင့်ပါ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင် မူးယစ်ဆေးဝါးတရားခံ သွားရောက် ဖမ်းဆီး သည့် ရဲတပ်ဖွဲ့ဝင်များ တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ဒုရဲမှူး တဦး ဓားဒဏ်ရာ ရရှိခဲ့သည်။

ထိုဖြစ်စဉ်မှာ တရားခံ၏ သားဖြစ်သူ ဦးဆောင်သည့် လူ ၂၀ ခန့်က ရဲတပ်ဖွဲ့များအား တိုက်ခိုက်ကာ တရားခံ ဖခင်ကို ပြန်လည် လုယူသွားခြင်းဖြစ်ပြီး တရားခံများ ဖမ်းဆီးရမိရေးကို စစ်ဆေးလုပ်ဆောင်လျက် ရှိကြောင်း လုံးတုံ ရဲစခန်းမှူး ရဲအုပ် ဗျက်ဆန်း က ဧရာဝတီသို့ ပြောသည်။

Loading