သတင်း

အိမ်ထောင်မပြုသည့် အမျိုးသမီးများ များပြားလာမှု ထိန်းချုပ်နိုင်ရန် လူဦးရေမူဝါဒ ရေးဆွဲမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အိမ်ထောင်မကျသည့် အမျိုးသမီး ရာခိုင်နှုန်းမြင့်တက်မှုနှင့်အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာသောကြောင့် ယင်းကိစ္စမှာ တိုင်းပြည်၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေသဖြင့် လူဦးရေ ထိန်းညှိနိုင်ရန် “လူဦးရေမူဝါဒ” တရပ်ကို ရေးဆွဲ ပြဌာန်းရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်မှုအရ ယခုအချိန်တွင် အမျိုးသမီးတယောက် ၏ ကလေးမွေးနှုန်းသည် ၂ ယောက်ခွဲနှုန်း ရှိကြောင်း၊ ထို့ကြောင့် ၁၀ စုနှစ်တခုတွင် ကလေးမွေးနှုန်းမှာ ၁ ဦးခန့် ကျဆင်းလာသည်ကို လေ့လာတွေ့ရှိရကြောင်း ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ဆိုသည်။

“အဲဒါကြောင့် ယောကျာ်းမယူတဲ့ အပျိုကြီးတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်း ရှိလာပါပြီ”ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ယနေ့ နေပြည် တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အသေးစိတ် သုတေသန စာတမ်း ၃ စောင် ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြောသည်။

ထို့ကြောင့် မိမိတိုင်းပြည်နှင့် အသင့်တော်ဆုံး ဖြစ်မည့် လူဦးရေကိုမူ သတ်မှတ်ရမည်ဖြစ်ကြောင်း၊ လူဦးရေ မူဝါဒ ရေးဆွဲရာတွင် မွေးဖွား ခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် သေဆုံးခြင်း ပေါ်လစီတို့ ပါ၀င်ရမည်ဖြစ်ကြောင်း၊ မူဝါဒတခု ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးကရှင်းပြသည်။

“ကလေး ဘယ်နှစ်ယောက်မွေးရင် ဘယ်အချိန်မှာ လူဦးရေ ဘယ်နှစ်သန်း ဖြစ်လာရမလဲဆိုတာကို မူဝါဒချမှတ်ရပါမယ်။ လူဦးရေ မူဝါဒ အတွက် လိုအပ်တာတွေကို အကြိတ်အနယ်ဆွေးနွေးပြီး ဘယ်လူဦးရေဟာ ကိုယ့်နိုင်ငံအတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်များက ကလေးမွေးဖွားနှုန်းမှာ အနည်းဆုံး ၅ ဦးခန့်အထိ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ကျဆင်းကြောင်း၊ အထူးသဖြင့် ပညာတတ်အသိုင်းအဝိုင်းနှင့် မြို့နေလူတန်းစားများသည် ကလေးမယူကြတော့ပဲ၊ ယူသည့်အခါတွင် လည်း အများဆုံး ၂ ဦးသာ ယူကြတော့သည်ဟု မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း သုတေသန စာတမ်းတွင် ဖော်ပြသည်။

ဒေါက်တာ ခိုင်ခိုင်စိုးက“အိမ်ထောင်ကျဖူးသူတွေရဲ့ ကလေးမွေးနှုန်းနဲ့ စုစုပေါင်း အမျိုးသမီး အားလုံးကို အခြေခံတဲ့ ကလေးမွေးနှုန်း ဘာလို့ကွာလဲဆိုရင် ကျမတို့နိုင်ငံမှာ Never Married Proportion လို့ ခေါ်တဲ့ အိမ်ထောင်မကျတဲ့ အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်းက အလွန်အမင်းများနေလို့ပါ”ဟု မီဒီယာများသို့ ပြောသည်။

ကလေးမွေးဖွားနှုန်းသည် မြို့ပြတွင် ၁.၉ ဦး၊ ကျေးလက်တွင် ၂.၈ ဦး၊ ကလေးမွေးဖွားမှုနှုန်း ၅ ဦးဖြင့် အမြင့်ဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၁.၈ ဦးဖြင့် အနိမ့်ဆုံး ဖြစ်ကြောင်း၊ ကလေးအများဆုံးမွေးသည့် အမျိုးသမီး အသက်အရွယ်မှာ ၂၅နှစ်မှ ၂၉ နှစ်ကြား ဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

“အိမ်ထောင်ရေးဆိုင်ရာ အချက်အလက်များအရလည်း အသက် ၅၀ အထိ အိမ်ထောင်မကျဘူးတဲ့ အမျိုးသမီး အချိုးအစားက သိသိ သာသာ မြင့်မားနေပါတယ်”ဟု ဦးမြင့်ကြိုင်က ပြောသည်။

မြို့ပြများတွင် ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းနေသော်လည်း ကျေးလက်ဒေသများ၊ ဝေးလံသောဒေသများတွင်မူ ကလေး မွေးဖွားနှုန်း မကျဆင်းသေးကြောင်း၊ မြန်မာနိုင်ငံ၏ အနေအထားအရ ကလေးမွေးနှုန်း ကျသော်လည်း ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ် ပါက အလယ်အလတ် အဆင့်တွင် ရှိနေသေးကြောင်း ယနေ့ထုတ်ပြန်သည့် မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း သုတေသန စာတမ်းက ဆိုသည်။

အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိ အမျိုးသမီးများကို ကလေးမွေးနိုင်သူများအဖြစ် သတ်မှတ်ထားရာ ကလေးမွေး၍ ရသေးသည့် နောက် ဆုံး အုပ်စုဖြစ်သော အသက် ၄၅ နှစ်မှ ၄၉ နှစ်ကြားအုပ်စုရှိ အမျိုးသမီး ၁၀၀ တွင် ၁၅ ဦးသည် အိမ်ထောင် မရှိကြသဖြင့် ယခုရလဒ် သည် မွေးနှုန်းကျဆင်းစေသည့် အကြောင်းအရာ တရပ် ဖြစ်သည်ဟု သိရသည်။

“မွေးနှုန်းမကျဖို့ အတွက် မိသားစုစီမံကိန်းတွေ လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှုတွေ၊ တနှစ်အောက်ကလေး စောင့် ရှောက်မှုတွေ လုပ်ဖို့လိုပါတယ်။ အိမ်ထောင်မပြုရင် ဘာကြောင့် မပြုတာလည်းဆိုတဲ့ အချက်ကို ဆန်းစစ်လေ့လာဖို့ လိုပါတယ်”ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

အိမ်ထောင်မရှိသူ အပျိုကြီးများသည် လွတ်လပ်မှုကို နှစ်သစ်၍ ဖြစ်စေ၊ ပညာနှင့်အလုပ်အကိုင် ရှာလို၍ ဖြစ်စေ အိမ်ထောင် မပြုကြ သော်လည်း ၄င်းတို့ အသက်အရွယ် ကြီးရင့်လာပြီး မှီခိုစရာ အသိုင်းအဝိုင်း မရှိသည့်အခါ ထိုအမျိုးသမီးများကို မည်ကဲ့သို့ ဆောင် ရွက်ပေးရမည်ကို စဉ်းစားရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ရလဒ်အရ ထူးခြားချက်တခုမှာ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်း အိမ်ထောင်ကျသည့် အမျိုးသမီးများ အားလုံး နီးပါးတွင် ကလေးရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ “ကလေးရှိလာလို့ အိမ်ထောင်ပြုတာလား၊ အိမ်ထောင်ကျကျခြင်း ကလေးယူတာ လားဆိုတာလည်း ဆန်းစစ်သင့်ပါတယ်”ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

ထို့ပြင် ယောကျာ်းများ၏ သေဆုံးနှုန်းမြင့်နေခြင်းကြောင့် အမျိုးသမီးများ မုဆိုးမ ဖြစ်လာရမှု ပိုမိုများပြားလာသော်လည်း မုဆိုးဖို ဦးရေ နည်းပါးကြောင်း၊ ယောကျာ်းများ မုဆိုးဖို မဖြစ်ခြင်းမှာ ၄င်းတို့သည် အိမ်ထောင်ထပ်ပြုလိုက်သဖြင့် အိမ်ထောင်သည်ပြန်ဖြစ်သွားကြောင်း၊ အမျိုးသမီးများမှာမူ အိမ်ထောင်မပြုဘဲ မုဆိုးမအဖြစ်သာ ကျန်ရှိနေကြောင်း၊ အရွယ်မတိုင်မီ သေဆုံးမှုတွင် ယောကျာ်းများ၏ အသက်မှာ ၆၀ နှစ် ဖြစ်၍ မိန်းမများ၏ အသက်မှာ ၆၉ နှစ် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီး ၁၀၀ တွင် မုဆိုးမ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်၍ အမျိုးသား ၁၀၀ တွင် မုဆိုးဖိုမှာ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း၊ အမျိုးသမီး များသည် ယေဘုယျအားဖြင့် အသက် ၃၅ နှစ်အရွယ်တွင် မုဆိုးမစဖြစ်ကြောင်း သိရသည်။

“အမျိုးသားတွေ စောစောသေရတာက အရက်ကြောင့် ပါတယ်။ ပြီးတော့ အိမ်ထောင်မှာ ဦးဆောင်ရတဲ့ နေရာမှာနေပြီးတော့ စွန့်စား တဲ့အလုပ်တွေကို လုပ်ရတာမျိုးကြောင့် ဖြစ်နိုင်တယ်။ ဒါကယေဘုယျ ပြောလို့ရတယ်”ဟု ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ညီညီက ပြောသည်။ ယနေ့ ထုတ်ပြန်ပွဲတွင် ဒေါက်တာညီညီက သေဆုံးခြင်း(Mortality) စာတမ်းကို တင်သွင်းခဲ့သည်။

ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၁၀ စုနှစ် ၃ စုမှ စ၍ မြန်မာနိုင်ငံတွင် ကလေးငယ် သေဆုံးမှု စံချိန်မှာ ကျဆင်း လာသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေဆုံးနှုန်း မြင့်မားနေဆဲ ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့သည် ကလေးသေဆုံးနှုန်းနှင့် အရွယ်ရောက်ပြီးသူ သေဆုံးနှုန်း မြင့်မားနေဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ UNFPA ၏ အကူ အညီ ရယူကာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်းနှင့် သွားဖွားမိခင် သေဆုံးခြင်း စာတမ်း ၃ ခုကို အင်္ဂလိပ် ဘာသာဖြင့် အစိုးရက ယနေ့ ထုတ်ပြန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading