ရန်ကုန်မြို့ကို အာရှ၏နေချင့်စဖွယ်အကောင်းဆုံးမြို့အဖြစ်ဖန်တီးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT)က ပြုစုရေးသားထားသော ‘ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာ(YHS)’ ကို စက် တင်ဘာ ၂၇ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာတွင် စာမျက်နှာ ၁၅၀ ပါဝင်ပြီး မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည် တည်တံ့ သောဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းချက်နှင့် နည်းဗျူဟာများပါဝင်ပြီး စိမ်းလန်း နယ်မြေများ တိုးချဲ့ရေး မှစ၍ ရန်ကုန်မြို့ လယ်ရှိ လမ်းစနစ်များကို အဆင့်မြှင့်တင်ပြီး အနာဂတ်တွင် နိုင်ငံတကာအနုပညာနှင့် ယဉ်ကျေးမှု အချက်အချာမြို့ဖြစ်လာ ရေးအထိ စုံလင်သော လုပ်ငန်းစီမံချက် ၂၄ ချက်ဖြင့် အသေးစိတ်တင်ပြထားကြောင်း သိရှိရသည်။
အဆိုပါ မဟာဗျူဟာအရ ရန်ကုုန်မြို့ကို ယခုအချိန်တွင် စတင်ပြောင်းလဲရမည်ဖြစ်ပြီး လုပ်ဆောင်ရမည်များကို အချိန်မီ မလုပ် နိုင်ပါက အစားထိုး မရနိုင်သည့် ယဉ်ကျေးမှု၊ ဆောက်လုပ်အမွေအနှစ်နှင့် သဘာဝအမွေအနှစ်များကို ဆုံးရှုံး ရမည်ဟု YHTက ထောက်ပြထား သည်။
“အခုလို ရန်ကုန်မြို့အတွက် အရေးပါတဲ့အချိန်မှာ ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာဟာ အများပြည်သူ ဆွေးနွေးကြဖို့ အတွက် အရေးကြီးတဲ့ အထောက်အပံ့ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု YHT ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များမတိုင်မီအထိ ရန်ကုန်သည် ကောင်းမွန်သည့်မြို့ပြစီမံကိန်းစည်းမျဉ်းများ၏ လမ်းညွှန် မှုအောက်တွင်လည်ပတ်ခဲ့ကြောင်း၊ သို့သော် ၁၉၉၀ ပြည့်နှစ်မှစတင်ကာ ဆိုးရွားစွာနေရာယူထားသည့် အထပ်မြင့် တာဝါများ၊ စည်းမျဉ်းမသတ်မှတ်ရသေးမီ ခွင့်ပြုခဲ့သည့် အထပ်မြင့်အအောက်အအုံများ၊ လူသွားလမ်း၊ ခုံးကျော် လမ်းသစ်များနှင့် မြို့လယ်ကောင်ရှိ လူကူးခုံးကျော် တံတားများအပါအဝင် မှားယွင်းသည့်ဆုံးဖြတ်ချက်များက မြို့ပြ ပတ်ဝန်း ကျင်ကို ပိုမိုပျက်စီးစေခဲ့သည်ဟု မဟာဗျူဟာတွင် ထောက်ပြထားကြောင်း သိရှိရသည်။
ရွှေတိဂုံစေတီတော်ကို ဗဟိုပြုသည့် မြို့ပြပုံစံဖြင့် တည်ရှိနေသည့် ရန်ကုန်မြို့သည် သမိုင်းဝင်ဘာသာရေးအမွေအနှစ်များ ကို အလေးအမြတ်ပြုဝန်းရံကာ တည်ရှိနေပြီး ရွှေတိဂုံစေတီတော်ကို မြို့၏နေရာတော်တော်များများမှ ဖူးမြော်နိုင်ဆဲအခွင့် အရေးကို ဆက်လက်ထိန်းသိမ်းထားသင့်သည်ဟု YHT ၏ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ဧရာဝတီကို ပြော သည်။
“အကုန်လုံးကို ကန့်သတ်ပြီးဘာမလုပ်ရလို့ ပြောနေတာမဟုတ်ဘူး။ ဒီဟာလေးကိုပဲ save လုပ်ပါ။ save လုပ်တဲ့ လုပ်ပုံ ကိုင်ပုံတွေ အကုန်လုံးပါတဲ့ဟာ ဒီမဟာဗျူဟာရဲ့အသက်ပဲ။ ရန်ကုန်မြို့ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု လမ်းမှန်ပေါ်ရောက်ရှိ လာဖို့ ဒီမဟာဗျူဟာက ထောက်ပံ့နိုင်ပါလိ့မ်မယ်” ဟု ၎င်းက ရှင်းပြသည်။
ဒေါ်မိုးမိုးလွင်က ၎င်းတို့အနေဖြင့် လုပ်နိုင်မည့်၊ လုပ်သင့်သည့်အရာများကို အကြံပြုတင်ပြခြင်း၊ တိုက်တွန်း ခြင်းဖြစ်ပြီး တာဝန်ရှိသူများမှအစ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့ခံပြည်သူများအဆုံး တင်ပြချက်များကိုလက်ခံကာ ရန်ကုန် တိုးတက် ရေး အတွက် ချမှတ်မည့်မူဘောင်များတွင် ထည့်သွင်းစဉ်းစားစေလိုကြောင်း၊ မည်သူမဆို အကောင်အထည် ဖော် လုပ် ဆောင် မည်ဆိုပါက ကြိုဆိုကြောင်း၊ ယခုထက်ပိုမိုကောင်းမွန်သည့်နည်းလမ်းရှိသည်ဆိုပါကလည်း ကြိုဆိုကြောင်း ပြောဆိုသည်။
ဒေါ်မိုးမိုးလွင်က “မြို့ရဲ့ သူမတူတဲ့လက္ခဏာရပ်တွေကို ထိန်းသိမ်းရင်း တဖက်ကလည်း အနာဂတ်မှာ ရေရှည်တည်တံ့ စွာ ဖွံ့ဖြိုးတိုးတက်စေတဲ့အခွင့်အရေးမှန်သမျှကို ရယူနိုင်ရင် စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးတွေများစွာ ရရှိ မှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ယခုအခါ ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုသည် နာရီပေါင်းများစွာကြာသည်အထိ ဆိုးရွားလာပြီး ပြည်သူများအနေဖြင့် ၎င်းတို့ဘဝ၏အချိန်အတော်များများကို ကားပေါ်တွင်ကုန်လွန်နေရသည့်အပြင် တခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ လုံခြုံရေးပြဿနာများကို ကြုံတွေ့နေကြကြောင်း၊ ယခုကဲ့သို့ ပညာရှင်များက ရန်ကုန်မြို့ကြီးကို နေချင့်စဖွယ် အကောင်းဆုံးမြို့အဖြစ်ဖန်တီးရန် ကြိုးပမ်းလာမှုကို ဝမ်းမြောက် ဝမ်းသာကြိုဆိုကြောင်း၊ အားလုံးကိုလည်း ပူပေါင်းပါဝင် စေလိုကြောင်း ရန်ကုန်မြို့ဒေသခံတဦးဖြစ်သူ ဒေါ်လေးလေးသူက ပြောသည်။
ဒေါ်လေးလေးသူက “အရင်တုန်းကဆို ရန်ကုန်မြို့ဟာ ပျော်ဖို့ကောင်းတယ်။ စိမ်းစိမ်းစိုစိုနဲ့။ အခုနောက်ပိုင်းတော့ ကားကြပ် တာတွေဘာတွေနဲ့ စိတ်ရှုပ်စရာကြီးဖြစ်လာတယ်။ နယ်တွေသွားပြီး ရန်ကုန်ပြန်ရောက်ရင် ပိုသိသာတယ်။ လူတွေစည်း ကမ်းရှိဖို့လည်းလိုတာပေါ့။ လုပ်နေတဲ့သူတွေကလုပ်တာပဲ။ နောက်ကျန်တဲ့သူကနောက်ကျန်။ ဘေးတိုက်သွားသူကသွားဆို ရင်တော့ ဒီလိုပဲဖြစ်နေမှာပဲ။ ကိုယ်တိုင်မလုပ်နိုင်ရင်တောင် လုပ်နေတဲ့သူတွေကိုအားပေးရမယ်” ဟု ဆိုသည်။
ရန်ကုန်၏ဗိသုကာလက်ရာအမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဝိုင်းရံနေသော မြစ်ကမ်းနားတည်နေပုံ၊ စိမ်းလန်း သော ဥယျာဉ်ပန်းခြံများ စသည့် မြို့ပြအမွေအနှစ်ဝန်းကျင်ကို ၂၁ ရာစုအတွက် အခြေခံအဆောက်အဦလိုအပ်ချက်နှင့် ပေါင်းစပ်ခြင်းဖြင့် အာရှတွင် နေချင့်စဖွယ်အကောင်းဆုံး မြို့ကြီးတမြို့ဖြစ်လာမည့် အလားအလာကောင်းများ ရရှိပေလိမ့် ပညာရှင်များက ယုံကြည်ထားကြသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)သည် ၂၀၁၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းတခုဖြစ်ပြီး လက်ရှိတွင် အဖွဲ့အနေဖြင့် မြို့အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက် ရာတွင် ကူညီခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒများချမှတ်ရာတွင် အကြံပေးခြင်းနှင့် သင်တန်းများ၊ အများပြည်သူကို အသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။