သတင်း

ရန်ကုန်တွင် ဆေးဝါးအတု ကျပ် သိန်း ၃ သောင်း နီးပါး ဖမ်းဆီးရမိ

Want create site? Find Free WordPress Themes and plugins.

ဆေးဝါးအတုများ ပြုလုပ်ရောင်းချနေမှုများနှင့် ပတ်သက်ပြီး ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အလိုက် မြို့ကြီးများ ရှိ ဆေးဆိုင်များကို ဆက်လက် စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် က ပြောသည်။

ဦးကိုကိုလွင်က “ကျနော်တို့ နမူနာယူပြီးစစ်မယ်၊ ဆိုင်တွေက ဆေးအတုရှိရင် အပ်ချင်အပ်ပါ၊ ဖျက်ဆီးမယ်ဆိုလဲ ဖျက် ဆီးပါ၊ ကျနော်စစ်လို့မိရင်တော့ အရေးယူခံရမယ်၊ ကျနော်ဒီလိုစစ်ဆေးတာကို ဆက်လုပ်သွားမှာပါ၊ ဒုတိယ အဆင့် မန္တလေး လာမယ်”ဟုလည်း ဧရာဝတီ ကို ပြောသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှထုတ်လုပ်သော ဆေးဝါးများအား အတု ပြုလုပ် ရောင်းချမှုနှင့် ပတ်သက်ပြီး သြဂုတ် ၃၁ မှ စက်တင်ဘာ ၁၂ ရက်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေး အတွင်း နေရာ ၁၁ နေရာရှိ ဆေးဆိုင်နှင့်သိုလှောင်ရုံ ၂၂ ရုံအား ရှာဖွေစစ်ဆေးရာ ဆေးဝါးအတုနှင့် အတုပြုလုပ်သည့် စက်ပစ္စည်းများ ကာလတန်ဖိုး ကျပ်သိန်း ၂၈၀၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်း ဆေးဝါးအတု ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ယမန်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနရုံး တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲကို မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ဆေးဝါးအတု ဖမ်းဆီးမှုကို စက်မှု ဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးဝါးအတု ပြုလုပ်သူများအနေဖြင့် အရည်အသွေး နိမ့်သည့် ဆေးဝါးများကို Burma Pharmaceutical Industry (BPI) တံဆိပ်အတုများ ရိုက်နှိပ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးနေခြင်းဖြစ်ပြီး ထိုဆေးဝါးအတုများမှာ မြန်မာ-တရုတ် နယ်စပ်မှ အများဆုံး ဝင်ရောက်လာခြင်း ဖြစ်ကြောင်းလည်း ဦးကိုကိုလွင်က ပြောသည်။

လက်ရှိ စစ်ဆေးခဲ့သည့် ဆေးဆိုင်များတွင် BPI တံဆိပ်ဖြင့် ဆေးဝါးအတုများသည် အဆမတန်များပြားနေပြီး MPF (ပြင်ဦးလွင်) နှင့် YPF (မှော်ဘီ) တို့မှ ထုတ်လုပ်သောဆေးဝါးများကို BPI ဘူးခွံအတုများတွင် ထည့်သွင်းပြီး တံဆိပ် အတုကပ်၍ ရောင်းချခြင်းများလည်း ရှိနေကြောင်းသိရသည်။

ဆေးဝါးအတုတွင် ဆေးပြား ၂၉ မျိုး၊ဆေးဆီ၊ ဆေးရည်၊ ဆေးမှုန့် ၆ မျိုး၊ လိမ်းဆေးရည် ၄ မျိုး၊ ဆေးမှုန့် တမျိုးနှင့် ထိုးဆေး ၄ မျိုး၊ ဆေးပြား တံဆိပ်အတု ၈ မျိုး၊ လိမ်းဆေးတံဆိပ်အတု ၂ မျိုး၊ ထိုးဆေးတံဆိပ် အတု ၈ မျိုး၊ သက်တမ်း လွန်ဆေးဝါး ၉၈ မျိုးနှင့် သံသယဖြစ်ဖွယ် ဆေးဝါး ၂၁ မျိုးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့ အလင်း တွင် ပါရှိ သည်။

ဆေးဝါးအတုပြုလုပ်ရောင်းချမှုနှင့် ပတ်သက်ပြီး လူပုဂ္ဂိုလ် ၁၄ ဦးကို ဖမ်းဆီးထားပြီး ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။

ယခု ဆေးဝါးစက်ရုံ(အင်းစိန်) ယခင် BPI ကို ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးပြား၊ ဆေးတောင့် ၇၀ မျိုး၊ ဆေးရည် ၂၂ မျိုး၊ လိမ်းဆေး ၁၀ မျိုး၊ ဆေးမှုန့် ၃ မျိုး၊ ထိုးဆေး အမျိုး ၅၀၊ သွေးကြောသွင်း ဆေးအမျိုး ၅၀၊ ပဋိဇိဝဆေး ၁၁ မျိုး စုစုပေါင်း ၁၈၁ မျိုးကို ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။

BPI အနေဖြင့် ဆေးဝါးအသစ်များ ထုတ်လုပ်မည့် အစီအစဉ်အရ တီဘီရောဂါ ကုသဆေး အပါအဝင် ဆေးပြား ၁၄ မျိုး နှင့် ထိုးဆေး ၄ မျိုး တို့ကိုလည်း အသစ်တိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဦးကိုကိုလွင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading