သတင်း

NLD ကြေညာချက် အတုပြုလုပ်သူကို တရားစွဲမည်ဟု ဦးဝင်းထိန်ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ တံဆိပ်တုံးကို အသုံးပြု၍ ၎င်းအား အနားယူ ခွင့်ပြုလိုက်ကြောင်း ကြေညာချက်အတု ထုတ်ပြန်ခဲ့သူကို ဥပဒေကြောင်းအရ တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အတွင်းရေးမှူး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန် သည် ကျန်းမာရေး အခြေအနေ ယိုယွင်းနေပါသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ငန်းတာဝန် အသီးသီးမှ အနားယူ ခွင့်ပြုလိုက်သည်ဆိုသော NLD တံဆိပ်တုံးဖြင့် ကြေညာချက်တစောင် အွန်လိုင်းပေါ်တွင် ပျံ့နှံခဲ့သည်ဟု သိရသည်။

ထိုစာနှင့်အတူ ဦးဝင်းထိန် လက်မှတ်ဖြင့် ကျန်းမာရေးအရ လုပ်ငန်းတာဝန်များမှ အနားယူခွင့်ပြုရန်နှင့် ပြန်လည် သုံးသပ် ဆောင်ရွက် ရမည့် ကိစ္စများအား အကြံပြုတင်ပြသည့် စာတစောင်မှာလည်း အွန်လိုင်းတွင် ပျံနှံ့ခဲ့ကြောင်း ဦးဝင်းထိန်က ၎င်းနေထိုင်သည့် စည်ပင်ဧည့်ရိပ်သာတွင် ယနေ့ နေလယ်ပိုင်းက သတင်းထောက်များကို ပြောသည်။

“ပထမတော့ ကျနော်က ဒီကိစ္စကို အလုပ်ရှုပ်ခံပြီး တရားစွဲဖို့ အစီအစဉ် မရှိဘူး။ ပါတီက အဖွဲ့ချုပ်လူကြီးတွေက ခင်ဗျားက ဗုဂ္ဂိုလ်ရေး အရ မလုပ်တာ ထားလိုက်တော့။ ဒါပေမယ့် ဒါက အဖွဲ့ချုပ် တံဆိပ်ပါနေတယ်။ နောက်ဒီထက်ဆိုးလာတယ်ဆိုမယ်ဆိုပြီး ပြောလို့ မနေ့က ပြည်ထဲရေးက လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တယောက်ဆီကို သွားပြီးတော့ အဲဒီစာတွေကို သွားပြလိုက်တယ်”ဟု ဦးဝင်းထိန် ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဖော်ထုတ်ပေးရန် ဦးဝင်းထိန်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံသို့ တောင်းဆိုထားပြီး မဟုတ်မှန်သည့် အချက် အလက်များကို အွန်လိုင်းတင်ခြင်း၊ တရားဝင် ပါတီတခု၏ ရုံးတဆိပ်ကို ယူသုံးခြင်းတို့ကြောင့် ယခုကိစ္စသည် Cyber Crime Law အရ ပြစ်မှုမြောက်ကြောင်းလည်း ဦးဝင်းထိန်က ပြောသည်။

ဦးဝင်းထိန်က “အဲဒီအတွက် ကျနော်ဆုံးဖြတ်ချက်ကို ပြင်ပြီးတော့ တရားစွဲဖို့ ဆုံးဖြတ်လိုက်တာ။ ခဏနေရင် ကျနော်ဆီကို ရဲမှူးကြီး တယောက်လာပြီး ထွက်ဆိုချက် ယူလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတွေရော ဘယ်သူ့လက်ချက်လဲဆိုတာ မှန်းလို့ရတယ်။ ရဲကနေ ဖော်ထုတ်နိုင်ပြီဆိုရင် ဥပဒေကြောင်းအရ အရေးယူမယ်”ဟု ဆိုသည်။

အွန်လိုင်းပေါ်တွင် NLD တံဆိပ်တုံး သုံး၍ တင်ခဲ့သူသည် NLD ပါတီဝင် တဦးပင် ဖြစ်ကြောင်း၊ လူတိုင်းမသိနိုင်သည့် ပါတီ၏ အတွင်းရေး များကိုလည်း သိနေကြောင်း၊ ပါတီ၏ ဘဲဥပုံ တံဆိပ်တုံး အသုံးပြုသည်အထိ သိနေသဖြင့် ပါတီဝင်ဖြစ်နေပါက ပါတီမှ ထုတ်ပစ်မည် ဟုလည်း သူက ပြောသည်။

“ကျနော်ကို သူ အဲဒီလို နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာ အများကြီး။ သူပဲ တိုက်ခိုက်ခဲ့တာ။ ပါတီထဲမှာတော့ အဲဒီပုဂ္ဂိုလ်က ဘာကောင်မှ မဟုတ်ဘူး။ သူ့ဟာသူ ဟိုနားစပ်စပ် ဒီနားစပ်စပ်နဲ့ ပါတဲ့ ဂျိုကာပေါ့”ဟု ဦးဝင်းထိန်က ဆိုသည်။

ထို့ပြင် တောင်ကြီး NLD ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တချို့ ပါတီမှ အထုတ်ခံရသည့် ကိစ္စအပေါ် မသိရှိဟု ပြောဆိုနေသည့် NLD အတွင်းရေးမှူး ဦးညဏ်ဝင်း၏ ပြောဆိုချက်ကိုလည်း လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် CEC အစည်းအဝေးတွင် ပြေလည်အောင် ဖြေရှင်းရန် ကြိုးစားမည်ဟု ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

“တောင်ကြီး ဒေါ်ခင်မိုးမိုးကိစ္စ သူ (ဦးဉာဏ်ဝင်း) မသိဘူးလို့ ပြောတယ်။ အဲဒီကိစ္စကို စုံစမ်းရေး လုပ်ဦးမယ်ဆိုတဲ့အချက်။ ကျနော်တို့က တလတခါ CEC အစည်းအဝေး လုပ်တာကိုး။ တက်တဲ့သူက တက်တယ်။ မတက်တဲ့သူက ခွင့်ယူတယ်။ အဲဒီ အစည်းအဝေးကို ဦးညဏ်ဝင်း မတက်ဘူး။ အဲဒီမှာ ရှမ်းပြည်ကိစ္စ၊ မိထ္ထီလာကိစ္စနဲ့ မြစ်ကြီးနား ကိစ္စတွေ အကုန်တင်ပြခဲ့တယ်။ တင်ပြတဲ့အခါမှာ အကုန်လုံးက ကန့်ကွက်မှု မရှိဘဲ သဘောတူကြတယ်”ဟု ဦးဝင်းထိန်က ပြောသည်။

ထို့ကြောင့် ဦးဉာဏ်ဝင်း ပြောဆိုထားသည့်အတိုင်း ယင်းကိစ္စကို ပြန်လည် စိစစ်ရန်မှာလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပြီးသည့် ကိစ္စတရပ်ကို စုံစမ်းစစ်ဆေးပိုင်ခွင့်လည်း မရှိကြောင်းလည်း ဦးဝင်းထိန်က ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading