သတင်း

မိုင်းတုံ ရေကာတာကြောင့် “ကျွန်းတထောင်မြေ” သဘာဝ အလှတရား ပျောက်ကွယ်နိုင်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အတွင်း တည်ဆောက်မည့် အကြီးမားဆုံးရေကာဖြစ်သည့် မိုင်းတုံ (တာဆန်း) ရေကာတာကြောင့် ကွန်ဟိန်း “ကျွန်းတထောင်မြေ” ၏ သဘာဝ အလှတရား ပျောက်ကွယ် သွားနိုင်သည်ဟု ရှမ်း လူ့အခွင့်အရေး လှုပ်ရှား သူများက ပြောသည်။

ကွန်ဟိန်းမြို့ အမည်သည် ရှမ်း ဘာသာစကား ဖြစ်ပြီး “ကွန်” ဆိုသည်မှာ ကျွန်းဟု အဓိပ္ပာယ်ရပြီး “ဟိန်း” ဆိုသည်မှာ တထောင် ဟု အဓိပ္ပာယ် ရသည်။ ထို့ကြောင့် ကွန်ဟိန်း ကို ကျွန်းတထောင်မြေ ဟု ခေါ်ဝေါ်ရခြင်းဖြစ်သည်။

ရေကာတာ တည်ဆောက်မည်ဆိုလျှင် ရှမ်းပြည်၏ တန်ဖိုး မဖြတ်နိုင်သော “ကျွန်းတထောင် ရေလွှမ်းတော့မည်” ဆိုသော မှတ်တမ်း ရုပ်သံနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ရှင်းလင်း ပြသခဲ့ သည်။

အဆိုပါ ရုပ်သံသည် မိနစ် ၃၀ ရှိပြီး ကျွန်းတထောင်မြေ အတွင်းရှိ လှပသည့် ရေတံခွန်များ၊ မြစ်ကြောင်းကို မှီတင်း ပြီး ရှာဖွေ စားသောက်နေကြသည့် ဒေသခံများ အကြောင်း၊ စီမံကိန်းကြောင့် တပ်မတော်များ၏ နယ်မြေစိုးမိုးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တပ်မတော် ကြား တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများ၏ ရင်ဖွင့်သံများနှင့် လက်ရှိ စီမံကိန်းကြောင့် စေတီဘုရား ပျက်စီးမှုများ ရှိကြောင်း မှတ်တမ်း တင်ထား သည် ကို ကြည့်ရှုရသည်။

မိုင်းတုံ(တာဆန်း) ရေကာတာ စီမံကိန်း တည်ဆောက်ပါက အဓိက အနေဖြင့် ရှမ်းပြည်နယ်၏ ရှေးဟောင်း အမွေ အနှစ် ဖြစ်သည့် နှစ်ပေါင်း ၁၀၀ ကျော်ရှိ စေတီပုထိုးများကို ထိခိုက်နိုင်ကြောင်း၊ ရေကာတာကြောင့် ဒေသခံ ပြည်သူ များ ၏ အသက်အန္တရာယ် ကြုံရနိုင်ကြောင်း၊ ထို့ကြောင့် ရေကာတာ စီမံကိန်းကို ရပ်ဆိုင်း စေလိုကြောင်း ရှမ်း သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေသည့် စိုင်းခေးဆိုင် က ဧရာဝတီ သို့ ပြောသည်။
“ကျနော်တို့ ရဲ့ ကျွန်းတထောင် မြေက ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက် သင့်ပါတယ်။ တကယ် လို့ မိုင်းတုံ ရေကာတာကြီးကိုသာ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ အားလုံး ပျောက်ကွယ်သွားမယ်”ဟုလည်း စိုင်းခေးဆိုင် က ဆိုသည်။

မိုင်းတုံရေကာတာ ဆောက်လျှင် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်၊ မိုင်းပြင်းမြို့နယ်၊ ကျိုင်ထောင်းတို့ ရေလွှမ်းမိုး နိုင် ကြောင်းလည်း စိုင်းခေးဆိုင် က ပြောသည်။

သံလွင်မြစ်ပေါ် တည်ဆောက်ပါက မြစ်ကြောင်း၏ ဂေဟစနစ်ကို အကြီးဆုံးပျက်စီးစေပြီး ရေလွှမ်းမိုးမှု ဒဏ်ကြောင့် မြစ်ကြောင်း တလျောက် နေထိုင်သူများ၏ အသက် မွေးဝမ်းကျောင်းမှုကိုလည်း ထိခိုက်မည်ဟုလည်း ကွန်ဟိန်း မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းခင်စော က ယမန်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျမ မဲဆန္ဒနယ် ရွာပေါင်း ၁၃၇ ရွာ၊ လူဦးရေ ၅ သောင်းကျော်က ထိတ်လန့်မှုတွေ ကြုံတွေ့နေရပါတယ်။ နေရာ ပြောင်းရွှေ့ရမှုကြောင့် အစဉ်အလာအရ အသိပညာများ ပျောက်ဆုံးပြီး၊ ယဉ်ကျေးမှု များလည်း ပျက်စီး ဆုံးရှုံးရပါ တယ်။ များသောအားဖြင့် အမျိုးသမီးနဲ့ ကလေး သူငယ်တွေ ထိခိုက်မှုတွေ ကြုံတွေ့ရမှာပါ”ဟု နန်းခင်စော က ဆို သည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်မည်ဆိုပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုလည်း ထိခိုက်နိုင်ကြောင်း၊ ရှမ်းပြည်နယ် ပြည်သူ့ဆန္ဒများကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြုမှု နည်းပါးနေ ကြောင်းလည်း နန်းခင်စောက ဆက်ပြောသည်။

“စီမံကိန်း ဆောက်ရင် အမျိုးသား ရင်ကြားစေ့ရေး အလှမ်းဝေးစေပါတယ်။ ဆည်တည်ဆောက်မှုကို ပြန်သုံးသပ်သင့် တယ်။ သံလွင်ရေကာတာ လုပ်ရင် နောင်ဆိုရင် ရှမ်းပြည်ရှိတော့မှာ မဟုတ်ဘူး။ သံလွင်မရှိရင် ရှမ်းပြည် အလှ ပျောက် သွားမယ်။ No Dam မဟုတ်တော့ဘူး ။ NO EIA/ NO SIA ပါ လှုပ်ရှားရမယ်”ဟု ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်ပြီး ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) က သဘောထား ကြေညာချက် ထုတ် ပြန် ကန့်ကွက်သကဲ့သို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က အစိုးရအား သံလွင်မြစ်ပေါ် တည်ဆောက် မည့် ရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု တည်ဆောက်ရန် ၂၀၀၉ ခုနှစ်ကတည်း စတင်ခဲ့ခြင်း ဖြစ်ပြီး ထို စီမံကိန်းများမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း သိရသည်။
အစိုးရ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုသည် ရှမ်းပြည်နယ် အတွင်း၌ အထက် သံလွင် (ကွမ်းလုံ) စီမံကိန်း၊ နောင်ဖ စီမံကိန်း၊ မန်တောင်း စီမံကိန်း၊ မိုင်းတုံ (တာဆန်း) စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ် အတွင်း၌ ရွာသစ် စီမံကိန်း နှင့် ကရင်ပြည်နယ်အတွင်း ဟတ်ကြီး စီမံကိန်းတို့ ဖြစ်သည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာမှ ထွက်လာမည့် လျှစ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံ သို့ ၄၅ ရာခိုင်နှုန်း၊ တရုတ် နိုင်ငံသို့ ၄၅ ရာခိုင်နှုန်း ရောင်းချမည် ဖြစ်ပြီး ပြည်တွင်း ၁၀ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ကြေင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading