သတင်း

ရသုံးငွေစာရင်းရှင်းပေးရန် ပျက်ကွက်သည့် သီတာချမ်းမြ နာမူကူညီရေးအသင်း ဥက္ကဋ္ဌ ကို အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ၊ ချမ်းမြသာစည်မြောက်ရပ်ကွက်အတွင်းရှိ သီတာချမ်းမြ နာမှုကူညီရေးအသင်းကြီး ၏ နှစ်စဉ်ရသုံးငွေ စာရင်းရှင်းတမ်းကို ဖြေရှင်းပေးရန် ပျက်ကွက်နေသည့် အသင်းဥက္ကဋ္ဌ ဦးခင်မောင်မင်းကို အမှုဖွင့်ထားကြောင်း သိရသည်။

“ဒီအမှုကို ကျွန်တော်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားတာပါ၊ စခန်းက ဥပဒေရုံးကိုတင်ထားတယ်ဆိုလို့ သွားမေးတော့ ဒီနေ့အထိ သီတာချမ်းမြအမှု မရောက်သေးဘူးလို့ ပြောပါတယ်၊ အဲဒီတော့ စခန်းနဲ့ ဥပဒေရုံးကြားမှာလည်း ကွဲလွဲမှုတွေရှိ နေတယ်၊ ဥက္ကဋ္ဌ ဦးခင်မောင်မင်းက တိုင်းရဲရုံးက ဒုရဲမှူး ခင်မောင်သင်းနဲ့လည်း ညီအကို အရင်းဖြစ်နေတယ်ဆိုတော့ စဉ်းစားစရာတွေဖြစ်လာပါတယ်”ဟု အမှုဖွင့်လှစ်တိုင်ကြားထားသူ အလုပ်အမှုဆောင် ဦးမောင်မောင်လွင်ကပြောသည်။

အသင်းစာရင်းရှင်းတမ်းများ ကွဲလွဲနေသဖြင့် အသင်း၏ ပုံမှန်လုပ်ဆောင်နေမှုများအား ရပ်နားထားရသည်မှာ ၃ လနီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသင်းဥက္ကဋ္ဌ ဦးခင်မောင်မင်းထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုကိစ္စနှင့်ပတ် သက်ပြီး ပြောစရာအကြောင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“သီတာချမ်းမြနာမှုကူညီရေးအသင်းကြီးရဲ့နှစ်စဉ်ရသုံးငွေစာရင်းတွေရှင်းကြရမှာ စာရင်းရှင်းတမ်းကွဲလွဲမှုတွေဖြစ်ပေါ်လာ တာကြောင့် စာရင်းရှင်းလင်းခိုင်းကြတာကနေ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာပြီးတော့ အသင်းကြီးရဲ့ ပုံမှန် လှုပ်ရှားမှုတွေကို ဇွန်လ ၁၆ ရက်နေ့စပြီး ရပ်နားထားခဲ့ရတယ်၊ အဲဒီလိုရပ်နားထားရတာကြောင့် အလှူရှင်တွေနဲ့အတူ အသင်းကြီးရဲ့အနာဂတ်အတွက် နစ်နာမှုတွေ ရှိနေပါတယ်”ဟု သီတာချမ်းမြနာမှုကူညီရေးအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြောသည်။

ငွေစာရင်းရှင်တမ်းရှင်းလင်းပေးရန်နှင့် အသင်းရုံုး အမြန်ပြန်လည်ဖွင့်လှစ်ပေးရန်၊ အသင်းလုပ်ငန်းများ ရပ်နားထားရခြင်းကို အသင်းသူ၊ အသင်းသားများ၊ အလှူရှင်များက အမှန်တရားသိစေရန်အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ ၂၇ ရက်နေ့က လမ်း၈၀၊ ၄၀×၄၁လမ်းကြားရှိ အေးငြိမ်းအောင်မြင်သိဒ္ဓိရှင် ဆုတောင်းပြည့်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အသင်းကြီးရဲ့စာရင်းရှင်းတမ်းတွေကို ရှင်းလင်းပေးဖို့ ဥက္ကဋ္ဌ ဦးခင်မောင်မင်းကို နာယကဆရာတော်ကြီးများရှေ့မှာ ပြောခဲ့ပါတယ်၊ စာရင်းရှင်းမပေးတဲ့အပြင် ကျွန်တော်တို့ကို ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပါတယ်”ဟု အလုပ်အမှုဆောင်ဦးမောင်မောင်လွင်ကပြောသည်။

အသင်းဥက္ကဋ္ဌမှ စာရင်းရှင်းလင်း ပေးခြင်း မရှိသဖြင့် မေလ ၂၇ ရက်နေ့က ချမ်းမြသာစည်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ တိုင်ကြားခဲ့ရာ ဥက္ကဋ္ဌဦခင်မောင်မင်းက ဇွန်လ ၁ရက်နေ့တွင် ငွေစာရင်း၊ စာရွက်စာတမ်းများ၊ ဘောက်ချာများကို အပ်နှံ ပေးပါမည်ဟု ဝန်ခံကတိပြုခဲ့သော်လည်း အပ်နှံပေးခြင်းမရှိခဲ့ကြောင်း၊ ဇူလိုင် ၁၃ ရက်နေ့က အမှတ် ၉ မြို့မရဲစန်းသို့ သွား ရောက် အမှုဖွင့်လှစ်တိုင်ကြားခဲ့ရာ ရဲစခန်းမှ စက်တင်ဘာလ ၁ ရက်နေ့မှ အမှုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

“သီတာချမ်းမြအမှုကို ဇူလိုင်လကတည်းက လာရောက်တိုင်ကြားပေမယ့် အများနဲ့သက်ဆိုင်နေတဲ့အမှု ဖြစ်နေတာကြောင့် စခန်းအနေနဲ့ လုပ်ဆောင်လို့မရတာကြောင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်အထိ တင်ပြပြီး နှစ်ဘက်လုံးကို စစ်ဆေးနေတာ ကြောင့် ကြာသွားရတာပါ၊ အခုတော့ နှစ်ဘက်စလုံးက အပြန်အလှန် စွဲဆိုမှုတွေကို မြို့နယ်ဥပဒေရုံးကို တင်ထားပါပြီ”ဟု အမှတ်၉ မြို့မစခန်း စခန်းမှူး ဒုရဲမှူးကြည်စိုးက စက်တင်ဘာ ၂၄ ရက်နေ့က ပြောသည်။

သီတာချမ်းမြ နာမှုကူညီရေးအသင်းကြီးကို မိုးထားတိုက်ရှိ ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လစဉ် အလှူရှင် ၁၀၀၀ ကျော် အထိရှိကာ အသင်းကြီးပိုင် နာရေးယာဉ် ၅ စီး အပါ အဝင် မော်တော်ယာဉ် ၇ စီးရှိကြောင်း သိရသည်။

အသင်းကြီး၏ စာရင်းရှင်းတမ်းများ ကွဲလွဲနေမှုအား (C.P.A) အစိုးရအသိအမှတ်ပြုလက်မှတ်ရ ပြည်သူ့စာရင်းစစ် ဒေါ်အေး သွင်မှ စာရင်းစစ်ဆေးခမယူဘဲ လုပ်အားအလှူအဖြစ် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ အသင်းနှင့်သက်ဆိုင်သည့် စာရင်းများ၊ စာရွက်စာတမ်းများ၊ ဘောင်ချာများနှင့် ရသုံးငွေ၊ ဘဏ်စာအုပ်များ စသည့် လိုအပ်ချက်များတောင်းခံခဲ့သော်လည်း သက် ဆိုင်သူများက အပြည့်အစုံတင်ပြပေးခြင်း မရှိသဖြင့် စာရင်းစစ်ဆေးပေး၍ မရခဲ့ကြောင်း သိရသည်။

“ကျွန်မကို စာရင်းစစ်ပေးဖို့အတွက် အကူအညီလာတောင်းလို့ ငွေကြေးမယူဘဲ လုပ်အားအလှူအနေနဲ့ စစ်ပေးခဲ့တာမှာ လိုအပ်တဲ့ဟာတွေ တောင်းခဲ့တယ်၊ အသင်းဥက္ကဋ္ဌ ဦးခင်မောင်မင်းနဲ့ အသင်းစာရင်းစစ် ဦးခင်မောင်လင်းတို့က ငွေစာရင်းနဲ့ အထွေထွေလယ်ဂျာစာအုပ်တွေပဲပေးလို့ အခြားစာရွက်စာတမ်းတွေကို ထပ်တောင်းတော့ နောက်ထပ်ပေးစရာ စာရွက် စာတမ်းတွေမရှိဘူး၊ စာရင်းစစ်မရရင် မစစ်နဲ့တော့လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် သူတို့ပေးတဲ့အရာတွေကို ရပ်ကွက်အုပ်ချုပ် ရေးမှူးဆီမှာ သံသေတ္တာအတွင်း သော့ခတ်ပြီး အများရှေ့မှာ အပ်နှံပေးခဲ့ပါတယ်”ဟု C.P.A လက်မှတ်ရ ဒေါ်အေးသွင်က ပြောသည်။

သီတာချမ်းမြနာမှုကူညီရေးအသင်းကြီးသည် မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ မိုးထားတိုက်မြောက်ပေါက်တွင် အခြေစိုက်၍ ချမ်းမြသာစည်မြောက်ရပ်ကွက်နှင့် ရွှေဘုန်းရှိန်ရပ်ကွက်များ၏ သာရေး၊ နာ ရေးကိစ္စများ ကူညီပေးခြင်း၊ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်သည့် ဒေသများသို့ သွားရောက်ကူညီခြင်း များနှင့် အသင်းကြီးနှင့်နီးစပ်သည့် လမ်းများပေါ်တွင် ယာဉ်မတော်တဆထိခိုက် ဒဏ်ရာရရှိသူများကို ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ အသင်းစာရင်းရှင်းတမ်းများ ပြဿနာကြောင့် လတ်တလောတွင် ကူညီရေးလုပ်ငန်းများကို ရပ်နားထားရသည်မှာ သုံးလကျော်ပြီဖြစ်ကြောင်း သိရသည်။

နာမှုကူညီရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် မော်တော်ယာဉ်များ လှူဒါန်းထားသည့် အလှူရှင်များနှင့်အတူ လစဉ်အလှူရှင်များ၏ မေးမြန်းစုံစမ်းမှုများကိုလည်း တိကျသည့်အဖြေပေးနိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။

“ကျမတို့ရပ်ကွက်မှာ အခုလို နာရေးကူညီမှုအသင်းတစ်ခုရှိတော့ ရပ်ရွာထဲမှာ သာရေး၊ နာရေးကိစ္စတွေရှိလာပြီဆိုရင် အားကိုးလို့ရတယ်ဆိုပြီး ဝမ်းသာနေတာ၊ အခုတော့ အသင်းကြီးက ပိတ်ထားတယ်၊ အရင်လိုလှုပ်ရှားမှုမရှိတာကြောင့် တာဝန်ယူ လုပ်ဆောင်နေတဲ့သူတွေကို မေးမြန်းတော့မှ ရပ်နားထားတယ်ဆိုတာပဲ သိရတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ အများ လှူဒါန်းထားတာတွေနဲ့ ပုံမှန်လည်ပတ်နေတာက ရပ်နားလိုက်တော့ ရပ်ရွာအတွက် နစ်နာမှုတွေရှိတာတော့ အမှန်ပါပဲ”ဟု ချမ်းမြသာစည်မြောက်ရပ်ကွက်နေ ဒေါ်ခင်စန်းဝေကပြောသည်။

လတ်တလောတွင် ချမ်းမြသာစည်မြောက်ရပ်ကွက်နှင့်ရွှေဘုန်းရှိန်ရပ်ကွက်များတွင် သာရေး၊ နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် အခြားသောနာမှုကူညီရေးအသင်းများ သို့ ချိတ်ဆက်၍ အကူအညီ တောင်းခံနေကြရမှုများရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading